ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ရှိ ခွန်နမ့်နန်းနွန်း လိုဏ်ဂူကြီးအတွင်း ထူးဆန်းစွာပျောက်ဆုံးနေခဲ့တဲ့ ကလေး(၁၃)ယောက် သတင်းကတော့ လက်တလောမှာ ပရိသတ်စိတ်ဝင်စားမှုအများဆုံး ရရှိနေတဲ့ သတင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။အဆိုပါ ကလေးများကိုတော့ ထိုင်းအစိုးရအ နေနဲ့ နိုင်ငံတော်အဆင့်သတ်မှတ်ပြီး နိုင်ငံတကာအကူညီများဖြင့်ပါ အင်တိုက်အားတိုက် ရှာဖွေရေးလုပ်ငန်းစဉ်တွေလုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ဇူလိုင်လ(၂)ရက်နေ့ မနေ့ကည (၁၀)နာရီဝန်းကျင်အချိန်မှာတော့ ဂူအတွင်း(၁၀)ရက်တာ ပျောက်ဆုံးနေတဲ့ ကလေးများကို အသက်ရှင်လျက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ တာပဲ ဖြစ်ပါတယ်။


ကလေးတွေကိုတော့ လိုဏ်ဂူကြီးအဝင်ပေါက်နဲ့ ၃ ကီလိုမီတာလောက်အကွာ ပတ္တယားကမ်းခြေလို့ တင်စားတဲ့ ကမူပေါ်မှာ တွေ့ရှိမယ်လို့ နဂိုက တွက်ဆ ထားကြပြီး ရေငုပ်သမားတွေက အဲဒီနေရာကို ရောက်သွားပေမယ့် မတွေ့တာကြောင့် ရှေ့ကိုဆက်သွားရာ နောက်ထပ် မီတာ ၄၀၀ ခန့်အကွာရှိ နွန်းဆောင်လို့ခေါ်တဲ့ ကမူမှာမှ သွားတွေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ကလေးတွေကို စတင်တွေ့ရှိသူတွေကတော့ ဗြိတိန်နိုင်ငံမှ ရောက်ရှိနေတဲ့ ကျွမ်းကျင် ရေငုပ်သမား ၂ ဦးဖြစ်တဲ့ ဂျွန်ဗိုလန်သန် (John Volanthen) နဲ့ ရစ်ချတ်ဒ် စတန်တွန် (Richard Stanton) တို့ပဲ ဖြစ်ပါတယ်။ဗြိတိန်ရေငုပ်သမားတွေဟာ South and Mid Wales Cave Rescue Team အဖွဲ့အစည်းကဖြစ်ပြီး ဂူထဲပိတ်မိနေတဲ့ လူပေါင်းများစွာကို ကယ်ဆယ်ဖူးတဲ့ အတွေ့အကြုံရှိ ရေငုပ်သမားတွေပဲ ဖြစ်ပါတယ်။၎င်းတို့ဟာ ကလေးတွေကို စတင်တွေ့ရှိတဲ့ အချိန်မှာတော့ ကလေးတွေဟာသူတို့တက်သလောက်မှတ်သလောက် အင်္ဂလိပ်လို့ ပြန်ပြောခဲ့ကြပြီး စိတ်မကောင်းဖြစ်ဖွယ် စကားလေးတစ်ခွန်းကိုလည်း ရေငုပ်သမား(၂)ယောက်ကိုထပ်ခါထပ်ခါ မှာခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စကားလေးက တော့ သူတို့အရမ်းကို ဗိုက်ဆာနေကြပြီဖြစ်ပြီး ဂူအပြင်ကို အမြန်ဆုံးပြန်ထွက်ချင်တယ်လို့ ပြောခဲ့တယ်လို့ ရေငုပ်သမားနှစ်ဦးကပြောပါတယ်။ရေငုပ်သမားတွေကတော့ အရင်ဆုံးသူတို့၂ဦးကရှေ့ပြေးရောက်လာတာဖြစ်ပြီးနောက်နေ့မှ ကယ်ဆယ်ရေးအဖွဲ့တွေလာမယ်၊ ဆရာဝန်တွေလာမယ်၊ အစားအစာတွေ ပါလာမယ်၊လု့ိပြောတော့ အကိုတို့အမြန်ဆုံးပြန်လာခဲ့ကြပါဆိုပြီး အင်္ဂလိပ်လို သူတို့နားလည်သလောက်ကြိုးစားပြီးပြောခဲ့ကြတယ်လို့သိရပါတယ်။လက်ရှိမှာတော့ ကလေးတွေကို ဂူထဲမှာ ပြုစုစောင့်ရှောက်ပြီး ရေတွေကျသွားမှ အပြင်ခေါ်ထုတ်မှာဖြစ်သလို ရေကူး၊ ရေငုပ်နည်းတွေလည်း သင်ပေးမယ်လို့ သိရပြီး ရေငုပ်သမားတွေ ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုဖိုင်ကိုလည်း ထိုင်းတော်ဝင်ရေတပ် Thai Navy SEAL က ညတွင်းချင်းပဲ လူမှုကွန်ရက်မှာဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။ဗီဒီယိုဖိုင်ထဲမှာတော့ ကလေးတွေဟာ ထင်ထားသလို အားပျော့၊ မေ့မျော၊ ယိုင်နဲ့နေတာမဟုတ်ဘဲ သွက်သွက်လက်လက်နဲ့ အင်္ဂလိပ်စကားကို သူတို့တတ်သလေက် ကြိုးစားပြောနေတာတွေ့ရလို့ မြင်ရသူတိုင်း ဝမ်းသာခဲ့ကြရတာပဲ ဖြစ်ပါတယ်။


သတင်းအရင်းအမြစ် - DVB
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။