အီတလီ ရီနေးဆွန်းခေတ် ပန်းချီဆရာကြီး လီယိုနာဒို ဒါဗင်ချီ ရေးဆွဲခဲ့တယ်လို့ ယုံကြည်ထားကြတဲ့ နှစ် ၅၀ဝ သက်တမ်းရှိ ယေရှုခရစ်တော် ပုံတူ ပန်းချီကားကို နယူးယောက်မြို့တော်က လေလံပွဲ တခုမှာ ဒေါ်လာ ၄၅၀ သန်းနဲ့ စံချိန်တင် ရောင်းလိုက်ရပါတယ်။ပန်းချီကားက "Salvator Mundi" (ကမ္ဘာကြီးကို ကယ်တင်သူ) အမည်နဲ့ လူသိများခဲ့ပါတယ်။အခု ရောင်းလိုက်ရတဲ့ ဈေးက အနုပညာပစ္စည်း တခု အတွက် ရတဲ့ ရောင်းဈေးထဲမှာ အမြင့်ဆုံးပါ။၁၅၁၉ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီရဲ့ ကျန်ရစ်တဲ့ ပန်းချီကား အရေအတွက်ဟာ အခု အချိန်မှာ ကား ၂၀ အောက်မှာ ရှိပါတယ်။Salvator Mundi ပန်းချီကားကို ၁၅၀၅ ခုနှစ် အလွန် ကာလ တခုမှာ သူ ရေးဆွဲခဲ့တယ်လို့ ယုံကြည်ထားကြပြီး ပုဂ္ဂလိက ပိုင်ဆိုင်မှု လက်ထဲမှာ ရှိနေတဲ့ တခု တည်းသော သူ့ရဲ့ ပန်းချီကားလို့ ယူဆရပါတယ်။ 

ပန်းချီကားမှာ ယေရှုခရစ်တော်က လက်တဖက်ကို မြှောက်ထားပြီး အခြား တဖက်ကတော့ ကမ္ဘာလုံးပုံ ဖန်စက်ဝန်း တခုကို ကိုင်ထားပါတယ်။ပန်းချီကားရဲ့ နောက်ဆုံး ခေါ်ဈေးက ဒေါ်လာ သန်း ၄၀ဝ အထိ ဖြစ်သွားခဲ့ပြီး အခြား စရိတ်တွေ ထပ်ပေါင်းရင် ဒေါ်လာ ၄၅၀.၃ သန်းအထိ ရှိပါတယ်။ အမည်မဖော်တဲ့ ဝယ်ယူသူ တယောက်က တယ်လီဖုန်းက တဆင့် လေလံဆွဲခဲ့တာမှာ စုစုပေါင်း မိနစ် ၂၀ နီးပါး ကြာခဲ့ပါတယ်။ဒီပန်းချီကားကို ၁၉၅၈ ခုနှစ်တုန်းကတော့ လန်ဒန်က လေလံပွဲတခုမှာ ဒေါ်လာ ၆၀ ဈေးနဲ့သာ ရောင်းခဲ့ရတာပါ။ အဲဒီတုန်းကတော့ ဒီပန်းချီဟာ လီယိုနာဒိုရဲ့ နောက်လိုက် တပည့် တဦးဦးရဲ့ လက်ရာလို့ သာ ယူဆခဲ့ကြပါတယ်။အခု အချိန်အထိလည်း ဒီပန်းချီကားကို လီယိုနာဒို ကိုယ်တိုင် ရေးဆွဲခဲ့တယ်လို့ တညီတညွတ်တည်း အားလုံးလက်ခံထားကြတာတော့ မဟုတ်ဘူးလို့ ဘီဘီစီ အနုပညာ သတင်းထောက် ဗင်းဆင့်ဒေါက်က ပြောပါတယ်။

ဒါပေမယ့် ပန်းချီကားကို လေလံပွဲ တင်ပေးခဲ့တဲ့ ခရစ်စတီး လေလံကုမ္ပဏီ ကတော့ ဒါဟာ လီယိုနာဒိုရဲ့ လက်ရာ အစစ်အမှန် ဖြစ်ပြီး ဒီပန်းချီကားဟာ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး အနုပညာ အရ ပြန်လည် ရှာဖွေ တွေ့ရှိခဲ့မှု ဖြစ်တယ်လို့ ဆိုပါတယ်။ဒီပန်းချီကားကို လွန်ခဲ့တဲ့ ၄ နှစ်တုန်းက ရုရှား ပန်းချီကား စုသူ တယောက်က ဒေါ်လာ ၁၂၇.၅ သန်းနဲ့ ဝယ်ယူခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီတုန်းက အခုလို လေလံပွဲ တင်တာမျိုး မဟုတ်ဘဲ ပုဂ္ဂလိက သီးသန့် ရောင်းဝယ်ခဲ့တာပါ။လီယိုနာဒို ဒါဗင်ချီ (၁၄၅၂-၁၅၁၉) ဟာ အနုပညာနဲ့ စာပေ ပြန်လည် ထွန်းကားလာတဲ့ အီတလီ ရီနေးစွန်းခေတ် အကျော်ကြားဆုံး ပန်းချီ၊ ပန်းပု ဆရာကြီး တယောက် ဖြစ်ပြီး သူ့ရဲ့ မိုနာလီဆာပုံ ပန်းချီကား၊ ခရစ်တော်ရဲ့ နောက်ဆုံး ညစာ ပန်းချီကားတွေဟာ ထင်ရှားပါတယ်။

Source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။