ထောင်ပေါင်းများစွာသော UK အလုပ်သမားများဟာ တနင်္လာနေ့မှစပြီး စမ်းသပ်ကာလ အလုပ်လေးရက်ဆင်း သုံးရက်နား အစီအစဥ်ကို စတင်လျက်ရှိပါတယ်။ ကုမ္ပဏီ 70 ခန့်ဟာ လာမယ့်ခြောက်လအတွင်း ကမ္ဘာ့အကြီးဆုံး လုပ်ငန်းခွင်ပုံစံအသစ်ရဲ့ ရှေ့ပြေးအစီအစဥ်မှာ ပါဝင်လျက်ရှိပါတယ်။ အဆိုပါစမ်းသပ်ချက်ကို အဖွဲ့တစ်ခုမှ စီစဉ်ခဲ့ပြီး စမ်းသပ်ကာလအနေနဲ့ ဝန်ထမ်းများဟာ ၎င်းတို့ရဲ့ပုံမှန်အလုပ်လုပ်မည့် နာရီရဲ့ 80% သာလုပ်ရမှာဖြစ်ပြီး လစာကတော့အပြည့်ရရှိမှာဖြစ်ပါတယ်။

အခုလိုဆောင်ရွက်တာဟာ ပိုမိုအကျိုးရှိစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်တာဖြစ်ပြီး Oxford နဲ့ Cambridge တက္ကသိုလ်များမှ ပညာရှင်များ၊ အမေရိကန်ရှိ Boston College မှ ကျွမ်းကျင်သူများနဲ့ think tank Autonomy တို့ ပူးပေါင်းပြီး စမ်းသပ်မှုကို စီမံခန့်ခွဲသွားမှာ ဖြစ်ပါတယ်။ စမ်းသပ်မှုအတွင်း ရုံးလုပ်ငန်းများ၊ ပရဟိတလုပ်ငန်းများနဲ့ ဒေသတွင်းငါးနှင့် အာလူးကြော်ဆိုင်များအထိ ပါဝင်ပါတယ်။

လန်ဒန်မြောက်ပိုင်း၊ Tottenham ရှိ Pressure Drop Brewery ရဲ့ပူးတွဲတည်ထောင်သူ Sam Smith က ကုမ္ပဏီဟာ မတူညီတဲ့ လုပ်ငန်းခွင်ပုံစံများကို ကြိုးစားလုပ်ဆောင်ဖို့ အချိန်ကောင်းတစ်ခု လိုခံစားရပြီး "ကပ်ရောဂါက ကျွန်တော်တို့ကို လုပ်ငန်းခွင် နဲ့ နေ့စဥ်ဘဝတွေကို ဘယ်လိုစီစဉ်ရမလဲဆိုတာကို အများကြီးတွေးစေခဲ့တယ်" လို့ ပြောကြားခဲ့ပါတယ်။

ကုမ္ပဏီတခုရဲ့ ရုံးဝန်ထမ်းဖြစ်တဲ့ Clare Doherty ကလည်း စမ်းသပ်မှုဟာ အလွန်ကောင်းမွန်ပြီး လုပ်ရည်ကိုင်ရည်ကိုလည်း တိုးတက်လာစေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ UK လုပ်သား 3000 ခန့် ပါဝင်တဲ့ အခုစမ်းသပ်မှုဟာ လုပ်ငန်းခွင်ပုံစံအသစ်နဲ့ ကမ္ဘာတစ်ဝှမ်းကို မိတ်ဆက်လိုက်တာဖြစ်ပြီး အိုင်ယာလန်၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနှင့် နယူးဇီလန်တို့မှာလည်း အလားတူအသေးစား စမ်းသပ်မှုများ လုပ်ဆောင်လျက်ရှိပါတယ်။

"ဗြိတိန်ရဲ့စမ်းသပ်မှုဟာ သမိုင်းဝင်ပါပဲ" လို့ Global 4-day week project မှ ဦးဆောင်သုတေသီ Juliet Schor နှင့် Boston College မှ စီးပွားရေးပညာရှင်နှင့် လူမှုဗေဒပညာရှင် Juliet Schor တို့က မှက်ချက်ပြုခဲ့ပါတယ်။"ဒီလှုပ်ရှားမှုရဲ့ အခြေခံကတော့ လုပ်ငန်းခွင်တော်တော်များများမှာ အထူးသဖြင့် ရုံးလုပ်ငန်းတွေမှာ လုပ်ငန်းခွင်နှေးကွေးတာကို လျှော့ချပေးနိုင်ပြီး တက်တက်ကြွကြွနဲ့ အလုပ်ပိုမိုပြီးမြောက် စေဖို့ဖြစ်ပါတယ်။

" သုတေသီများကတော့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သင်ကြားရေးကဲ့သို့သော ၂၄ နာရီဝန်ဆောင်မှုများနဲ့ အလုပ်အလွန်များတဲ့ လုပ်ငန်းတွေနဲ့တော့ မကိုက်ညီနိုင်ကြောင်း ဝန်ခံထားပါတယ်။ ဒါပေမယ့် အလုပ်သမားတွေက ၁၀% ပိုကုန်ထုတ်နိုင်ရင်တောင် စီးပွားရေးက ပိုအဆင်ပြေနိုင်ပြီး၊ အခုလိုကနေ ဖျားနာမှုနှုန်းတွေ လျော့ကျလာမယ်ဆိုရင် ဝန်ထမ်းတွေ ခွင့်ယူတာ နည်းလာပြီး လုပ်ငန်းပိုတွင်လာနိုင်တယ်လို့ သူက ပြောပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။