ယနေ့ နည်းပညာတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ဝိသမလောဘသမားတွေဟာ မသမာတဲ့ နည်းပညာတွေကို အသုံးပြုပြီး စျေးကွက်အတွင်း မိမိတို့အကျိုးစီပွားရေးအတွက် ပိုမိုလုပ်ဆောင်လာကြတာ တွေ့ရပါတယ်။ အထူးသဖြင့် စားသောက်ကုန်တွေနဲ့ အလှကုန်ပစ္စည်းတွေမှာ လူကို အန္တရာယ်ဖြစ်ပေါ်စေတဲ့ ဓာတုပစ္စည်းတွေထည့်သွင်း အသုံးပြုလာကြသလို အတုအပတွေကိုလည်း ထုတ်ပိုးလာကြပါတယ်။

စားသောက်ကုန်များ ၊ အလှကုန်ပစ္စည်းများအပြင် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို မြန်မာနိုင်ငံက အများဆုံးတင်သွင်းနေတဲ့ ထိုင်းနိုင်ငံမှာ အမျိုးသမီးအလှကုန်တွေကို အတုလုပ်ပြီး လူတွေကို လိမ်လည်ရောင်းချနေကျတဲ့ ကုမ္ပဏီတွေ ဆက်တိုက်ဖမ်းဆီးခံရမှုတွေ ရှိလာခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ အလှကုန်ပစ္စည်း ကုမ္ပဏီတွေကို စစ်ဆေးကြည့်လိုက်ရာမှာ ပထမဦးဆုံး ဓာတ်မြေသြစာ ထုတ်လုပ်တဲ့ နေရာတွေမှာ အသုံးပြုတဲ့ အမှုန့်များ ၊ ကော့စတစ်အစွန်းချွတ်ဆေးများကို ထည့်သွင်းပြီး ထုတ်လုပ်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။

ဧပြီလ ၂၄ ရက်နေ့တုန်းကလည်း Slim Skin အဆီကျ ၊ ဝိတ်ကျနို့မှုန့်တံဆိပ် အရောင်းကိုယ်စားလှယ်တစ်ဦးကို ဖမ်းဆီခဲ့ရပါတယ်။ သူကတော့ ပိန်ဆေးတွေကို ကော်ဖီမစ် အမှုန့်နဲ့ လိမ္မော်ရည်အမှုန့် နဲ့ပေါင်းပြီး ထုတ်လုပ်ကာ လိမ်လည်ရောင်းချတဲ့သူတစ်ဦးပါ။ ဒီကုန်ပစ္စည်းအတုတွေကို ထုတ်လုပ်သူများက နာမည်ကြီး သရုပ်ဆောင်တွေနဲ့ ကြော်ငြာထုတ်ခဲ့တာကြောင့် ထိုင်းနိုင်ငံ နဲ့အိမ်နီးချင်းနိုင်ငံတွေမှာရောင်းအား အကောင်းဆုံး အလှကုန် အမျိုးစားများဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီဆေးတွေကို သုံးစွဲသူများရဲ့ ဖြစ်လာတဲ့ ဆိုးကျိုးကတော့ အသားအရည်တွေ ထိခိုက်ပျက်စီးခြင်း ၊ မူးဝေအော့အန်တာတွေဖြစ်ခြင်း ၊ နှလုံးခုန်မြန်ပြီး ကတုန်ကယင်ဖြစ်ခြင်းအပြင် အခြား ဆိုးဝါးတဲ့ အန္တရာယ်များပါ ဖြစ်ပေါ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီလိုအန္တရာယ်များမကြုံလာရအောင် အလှအပ ကြိုက်တဲ့မိန်းကလေးတွေအတွက် ကုန်ပစ္စည်းအတုအပတွေကို သတိပြုပြီး အသုံးပြုနိုင်အောင် ဗဟုသုတအနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Source - Social Action For Children and Women (SAW)
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။