ယူကရိန်းအရှေ့တောင်နိုင်ငံက မြို့တစ်မြို့ဖြစ်တဲ့ Kherson ပြည်က မြေအောက်စခန်းတစ်ခုမှာ အပူချိန်က အနှုတ် ၄ ဒီဂရီ ဆဲစီးယက် ဖြစ်နေပါတယ်။ မှောင်ပြီးအေးလွန်းလှတဲ့ မြေအောက်စခန်းမှာ အသက် ၂ နှစ်အရွယ်  သမီးလေး ဆိုဖီယာက သူမအမေ အသက် ၃၄ နှစ်အရွယ် ဒါရီယာကို တင်းတင်းကျပ်ကျပ်ဖက်ထားပါတယ်။ ဆိုဖီယာလေးက သူ့အမေရဲ့ ကုတ်အင်္ကျီအောက်မှာ မိခင်ဖြစ်သူရဲ့ ရင်ခွင်သင်းရနံ့ကို ရှူရတာ ကြိုက်သလိုပုံစံလေးနဲ့ … မိခင်ရဲ့ လက်မောင်းအောက်ကနေ ကြည်လင်တောက်ပတဲ့ အပြုံးလေး ပြုံးနေပါတယ်။ ကလေးတွေရဲ့ သဘာဝအရ မိခင်ရဲ့ ရင်ငွေ့ထဲမှာ လုံခြုံနေတယ်လို့ ထင်နေတဲ့ ဆိုဖီယာလေး အပြုံးဟာ ဖြူစင်လွန်းပါတယ်။

Allkpop

ဆိုဖီယာလေးက ကိုရီးယားလူမျိုးဖြစ်ပါတယ်။ ဘာလို့ဆို ဆိုဖီယာလေးရဲ့အဖေက ကိုရီယားလူမျိုးဖြစ်နေလို့ပါတယ်။ ဆိုဖီယာလေးရဲ့အဖေ မစ္စတာဝမ်က တောင်ကိုရီးယားမှာနေထိုင်တဲ့ ကိုရီးယားလူမျိုးဖြစ်ပါတယ်။ မစ္စတာဝမ်က သူ့အမျိုးသမီး ဖြစ်သူနဲ့ သမီးဖြစ်သူတို့ဟာ ရုရှားစစ်တပ်ရဲ့ ထိန်းချုပ်မှုကြောင့် ယူကရိန်းနိုင်ငံ Kherson မြို့မှာ ပိတ်မိနေကြတယ်လို့ အကူအညီတောင်းထားပါတယ်။ ဆီလည်းမလုံလောက်တာကြောင့် အမျိုးသမီးဖြစ်သူနဲ့ သမီးငယ်လေးတို့တွေ ဘယ်မှမသွားနိုင်ဖြစ်နေကြပါတယ်။

Allkpop

မေမေဒါရီယာက ကိုရီးယားနိုင်ငံမှာ နေထိုင်တဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ သူမရဲ့ မိဘတွေရှိတဲ့ ယူကရိန်းနိုင်ငံ Kherson မြို့ကို သမီးဖြစ်သူနဲ့ သွားလည်ခဲ့ကြတာဖြစ်ပါတယ်။ ဖခင်ဖြစ်သူ မစ္စတာဝမ်ကလည်း အမျိုးသမီးနဲ့ သမီးဖြစ်သူဆီကို လိုက်သွားပြီး Kherson မြို့မှာ မိသားစု အစုံလိုက်လေး တစ်လလောက် အလည်အပတ်သွားကြဖို့ တိုင်ပင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ မစ္စတာဝမ် မလိုက်သွားဖြစ်ခင် အချိန်မှာပဲ ရုရှားရဲ့ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့် ဒါရီယာတို့ သားအမိ Kherson မြို့က စစ်ရှောင် မြေအောက်စခန်းမှာ ပိတ်မိနေခဲ့ကြပါတယ်။ ဆိုဖီယာလေးက အသက် ၂ နှစ်အရွယ်သာရှိသေးတာကြောင့် ရာသီဥတုဒဏ် ၊ လက်နက်ကြီးဒဏ် ၊ အနေအထိုင်ခက်ခဲမှုဒဏ်တွေကို မခံနိုင်ဘဲ ကျန်းမာရေး အခြေအနေ ဆိုးရွားလျက်ရှိတယ်လို့ သိရပါတယ်။

Allkpop

ဖခင်ဖြစ်သူအနေနဲ့လည်း သမီးနဲ့ဇနီးသည် ဖြစ်သူအတွက် ဘာမှမလုပ်နိုင်တဲ့ အခြေအနေမှာ ရှိနေပြီး ယူကရိန်းနိုင်ငံ Kherson မြို့ အထိ ဝင်ဖို့ ကြိုးစားပေမယ့် မဝင်ရောက်နိုင်ဘဲ အိမ်နီးချင်းနိုင်ငံတွေအထိသာ ရောက်ရှိနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ မစ္စတာဝမ်တစ်ယောက် အမျိုးသမီးဖြစ်သူနဲ့ သမီးဖြစ်သူတို့ကို နေ့တိုင်း ဗီဒီယိုဖုန်း ခေါ်ဆိုမှုလုပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အင်တာနက်လိုင်းတွေကလည်း ရုရှား ထိန်းချုပ်မှုအောက် ရောက်နေပြီဖြစ်တာကြောင့် ဘယ်အချိန် ဆက်သွယ်မှု ပျက်သွားမလဲဆိုပြီး စိုးရိမ်နေတယ်လို့ သိရပါတယ်။

မစ္စတာဝမ်အနေနဲ့လည်း ယူကရိန်းနိုင်ငံက ကိုရီးယားသံရုံးဆီ အကြိမ်ပေါင်းများစွာဆက်သွယ်ပြီး အမျိုးသမီးနဲ့ သမီးဖြစ်သူက တောင်ကိုရီးယားနိုင်ငံသားတွေပါဆိုတဲ့ ထောက်ခံချက်တွေနဲ့ အဆက်မပျက် အကူအညီတောင်းခံနေခဲ့တယ်လို့ ဆိုပါတယ်။ အကြိမ်ပေါင်းများစွာ အကူအညီတောင်းခံနေပေမယ့်လည်း ကိုရီးယားသံရုံးကိုယ်တိုင်က လက်ရှိမှာ လှုပ်လို့မရဖြစ်နေပြီး ရုရှားစစ်တပ်တွေရဲ့ ကျူးကျော်မှုကြောင့် Kherson မြို့ဆီကို ဘယ်လိုမှ ဝင်လို့ မရနိုင်ဖြစ်နေတယ်လို့ သိရပါတယ်။

Allkpop

ဒါကြောင့် Kherson  မြို့ထဲမှာ ပိတ်မိနေသူတွေရဲ့ သောက အပူမီးဟာ ပိုမိုကြီးမားလျက်ရှိနေပြီး တစ်ကွဲတစ်ပြားဖြစ်နေတဲ့ မိသားစုတွေရဲ့ စိုးရိမ်စိတ်ကလည်း အသောမသတ်နိုင်ဖြစ်နေကြရပါတယ်။ ဆိုဖီယာလေးနဲ့ သူမေမေလည်း အမြန်ဆုံး အိမ်မက်ဆိုးကြီးက လွတ်မြောက်ပြီး သူတို့တိုင်းပြည်ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်ပြီး မိသားစု အစုံလေး ပြန်နေရဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။