ယခုနှစ် MPT Myanmar National League 2020 ပွဲစဉ်(၆) ယှဉ်ပြိုင်အပြီးမှာ တိုက်စစ်ပိုင်း စွမ်းဆောင်ရည် အကောင်းဆုံး နှစ်သင်းအဖြစ် ရပ်တည်နေတဲ့ ဟံသာဝတီယူနိုက်တက်အသင်းနဲ့ စစ်ကိုင်းယူနိုက်တက်အသင်းတို့ဟာ ပွဲစဉ်(၇) မှာ ထိပ်တိုက်တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။စစ်ကိုင်းအသင်းအနေနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးက ဟံသာဝတီယူနိုက်တက်အသင်းကို အဝေးကွင်းမှာ လာရောက်ယှဉ်ပြိုင်ရတာ ဖြစ်တဲ့အပြင် အဓိက ကစားသမားအချို့လည်း ဒဏ်ရာနဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပဲခူးခရီးစဉ်မှာ လိုက်ပါလာနိုင်ခဲ့ခြင်း မရှိပါဘူး။


ဒီလိုအခြေအနေနဲ့ ကြုံတွေ့ထားရပေမယ့် ခံစစ်အသွင်နဲ့ ကစားသွားမှာ မဟုတ်ဘဲ တိုက်စစ်ဖွင့်ပြီး ယှဉ်ပြိုင်သွားမယ်လို့ နည်းပြချုပ် ဦးဇော်လင်းထွန်းက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။“သူတို့အသင်းက ရလဒ်ကောင်းတွေလည်း ရယူထားနိုင်တယ်။ တိုက်စစ်ပိုင်းကလည်း ထက်မြက်မှုရှိတယ်ဆိုတာ သိပါတယ်။ အဓိက နိုင်ငံခြား ကစားသမား နှစ်ဦးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ဟံသာဝတီအသင်းကို ကြောက်ရွံ့မနေပါဘူး။ တိုက်စစ်ဖွင့်ပြီး ယှဉ်ပြိုင်သွားမှာပါ။ ကျွန်တော့် ကစားသမားတွေ အကောင်းဆုံး စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဆိုပြီး အခိုင်အမာ ဆိုခဲ့တာ ဖြစ်ပါတယ်။


တိုက်စစ်ပိုင်း အားပြိုင်ကြမယ့် ဟံသာဝတီယူနိုက်တက်အသင်းနဲ့ စစ်ကိုင်းယူနိုက်တက်အသင်းတို့ ပွဲစဉ်ကို ဖေဖော်ဝါရီ ၂၃ ရက်၊ ညနေ ၃း၃၀ အချိန်မှာ ပဲခူးမြို့၊ Grand Royal ကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ပရိသတ်တွေ လက်မလွတ်တမ်း စောင့်ကြည့်ရမယ့် ဒီပွဲစဉ်ကို ကွင်းထဲအထိ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ရတဲ့အပြင် My Sports, Channel K တို့ကနေလည်းတိုက်ရိုက်ပြသပေးသွားမယ့်အကြောင်းကို သတင်းကောင်း ပါးလိုက်ရပါတယ်။ယနေ့ပွဲစဉ်မှာ ဒဏ်ရာနဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မယ့် စစ်ကိုင်းအသင်းရဲ့ ကစားသမားတွေက ကျော်စွာမင်း၊ ဝင်းဇင်ဦး၊ သီဟဇော်နဲ့ ဇွန်မိုးအောင်တို့ပဲ ဖြစ်ပါတယ်။
Photo Credit - Myanmar National League Facebook page
Source - Myanmar National League Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။