မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မြတ်ညီနောင်ဘုရားပွဲတွင် နွားလှည်းနဲ့ နွားအလှ ပြိုင်ပွဲကို ဇန်နဝါရီ ၂၈ ရက်ကနေ ၃၁ ရက်အထိ ၄ ရက်တာ ကျင်းပနေတယ်လို့ သိရပါတယ်။ပြိုင်ပွဲကျင်းပရတဲ့ ရည်ရွှယ်ချက်က တော့ မြန်မာ့ရိုးရာ နွားလှည်းနဲ့ နွားအလှပြိုင်ပွဲဓလေ့တခု တိမ်ကော ပျောက်ကွယ်မသွားအောင် ကျင်းပတာ ဖြစ်တယ်လို့ နွားပြိုင်ပွဲကော်မတီ ဦးထွန်းနိုင်က ပြောပါတယ်။ မြန်မာ့ရိုးရာနွားပြိုင်ပွဲဟာ စိတ်ဝင်စားစရာ ကောင်း ပြီး ဒီရိုးရာဓလေ့ကိုတော့ လူငယ်တွေဆီ လက်ဆင့်ကမ်း ထိန်းသိမ်းသင့်တယ်လို့ လာရောက်ကြည့်ရှု့ သူပရိသတ်တွေက အကြုံပြုပါတယ်။


“ခေတ်ကြီးက ဘယ်လိုပဲ တိုးတက်ပါစေ၊ အရိုးပေါ် အရွက်မဖုံးစေနဲ့ဆိုတဲ့ စကားလိုပေါ့။ ရိုးရာဓလေ့ကို မမေ့စေချင်ဘူး။ လူငယ်တွေ နွားအလှတို့၊ ဒုန်းနွားတို့၊ နွားလှည်းအလှ ဆိုတာတွေကို မေ့သွားမှာ စိုးရိမ်တယ်။ မြန်မာရိုးရာဓလေ့ နွားပြိုင်ပွဲကို မမေ့အောင် အခုလို ဘုရားပွဲတော်မှာ နွားပြိုင်ပွဲ ထည့်ထားတာပါ။ တောင်သူတွေရဲ့ လယ်ယာလုပ်ငန်းခွင်တွေမှာ အဓိကထားပြီး အသုံးပြုတာက နွားနဲ့လှည်းပေါ့။ အဲလိုအဓိကကျတဲ့ နွားနဲ့လှည်းကို လုပ်ငန်းခွင်သိမ်းတဲ့အချိန် ပစ်မထားဘဲ ဂရုစိုက်တတ်စေအောင် ရှေးလူကြီးတွေက ရိုးရာပြိုင်ပွဲ တခုအနေနဲ့ လုပ်လာကြတာပါ”ဦးထွန်းနိုင်က ပြောပါတယ်။


မြန်မာ့ရိုးရာ နွားလှည်းနဲ့ နွားအလှပြိုင်ပွဲမှာ နွားကြီးခြေသွားအကျလှည်း၊ နွားလတ်ခြေသွား အကျလှည်း၊ နွားငယ်ခြေသွားအကျလှည်း၊ နွားငယ် ခြေသွားအကျ(လှည်းမပါ)၊ ဒုန်းနွားလှည်း ဆိုတဲ့ ပြိုင်ပွဲ ၅ မျိုး ထည့်သွင်းကျင်းပ နေတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ ပြိုင်ပွဲဝင်သူ ၉၂ ဦး ရှိပြီး ပြိုင်ပွဲတခုကို ဆု ၄ ဆု ချီးမြှင့်ပေးအပ်မှာပဲ ဖြစ်ပါတယ်။ အများဆုံး ဆုကြေးငွေက ကျပ်၁ သိန်း ၃ သောင်း၊ အနည်းဆုံးဆုငွေက ၄ သောင်းခွဲဖြစ်ပြီး ဆုတွေကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပေးအပ်မယ်လို့ သိရပါတယ်။


သတင်းအရင်းအမြစ် - မောင်မောင်လင်း(ဝမ်းတွင်း)
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။