ယမန်နေ့ဇူလိုင်လ ၇ ရက်နေ့တုန်းက ပခုက္ကူမြို့နယ် ၊ နှုံးပို့ကျေးရွာမှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ပြည်လုံးချမ်းသာ ဘုရားကြီး ဟာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။ ပြည်လုံးချမ်းသာဘုရားကြီး မြစ်ထဲသို့ ပြိုကျပျက်စီးသွားခဲ့တဲ့ အချိန်က ယမန်နေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်တုန်းက ဖြစ်တယ်လို့ ဒေသခံတွေရဲ့ အဆိုအရ သိရပါတယ်။

ရေတိုက်စားမှု မဖြစ်ခင်က ပြည်လုံးချမ်းသာဘုရားကြီးရဲ့ပုံရိပ် (Credit - မူရင်းတင်သူ) 
Photo credit to original uploader

ပြည်လုံးချမ်းသာဘုရားကြီးဟာ ရှေးဟောင်း သမိုင်းဝင် ဘုရားကြီး ဖြစ်တဲ့ အလျောက် အခုလိုရေတိုက်စားခံရတဲ့အပေါ် ဒေသခံတွေဟာလည်း များစွာ ယူကြုံးမရဖြစ်နေကြပါတယ်။ ဘုရားကြီးရဲ့ တည်နေရာက မြစ်ကမ်းဘေးမှာ ရှိတာကြောင့် အခုလိုမျိုး မြစ်ကမ်းပါး ပြိုကျတဲ့အချိန်မှာ မြစ်ထဲကို ရောက်သွားခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် နှုံးပို့ကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းဟာလည်း မြစ်ကမ်းနဲ့ပေ ၂၀ အကွာမှာသာရှိတော့တဲ့အတွက် ကျောင်းဆောင်တချို့ကို ရွာရဲ့တောင်ဘက်အခြမ်းကို ရွှေ့ပြောင်းထားရတယ်လို့ သိရပါတယ်။ ပြည်လုံးချမ်းသာ ရှေးဟောင်း သမိုင်းဝင် ဘုရားကြီး မြစ်ထဲသို့ ပြိုကျသွားခဲ့ရတဲ့ ပုံရိပ်တွေကို စိတ်မကောင်းစွာနဲ့ ဝေမျှပေးလိုက်ပါတယ်။

Photo credit to original uploader
Photo credit to original uploader

မိုးရာသီရောက်တိုင်း နှစ်တိုင်းလိုလိုမှာ ဧရာဝတီ ၊ ချင်းတွင်းမြစ်ရေတွေက မကွေးတိုင်းဒေသကြီးထဲက ရေစကြို ၊ ပခုက္ကူ ၊ ပွင့်ဖြူ ၊ မင်းဘူး ၊ စတဲ့မြို့နယ်တွေကို လာရောက်တိုက်စားလေ့ရှိတာကြောင့် မြစ်ကမ်းနားမှာရှိတဲ့ ကျေးရွာတချို့ ရေတိုက်စားခြင်းခံရလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူမြို့နယ် ၊ အနောက်သီရိကျေးရွာမှာ ဧရာဝတီမြစ်ရေလျှံမှုကြောင့် သီရိရတနာ ပြည်လုံးချမ်းသာစေတီကြီး မြစ်ထဲနစ်မြုပ်သွားခဲ့တဲ့ ဖြစ်ရပ်ရှိခဲ့ဖူးပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။