ဖုန်းဆက်ခိုင်းတာကနေ အိမ်တစ်လုံးလုံးရဲ့ လုပ်ဆောင်ချက်တွေကိုပါ အသံနဲ့ကြိုက်သလို စီမံခန့်ခွဲစေခိုင်းနိုင်တဲ့ Alexa ကိုကမ္ဘာတဝှမ်းမှာ အသုံးများကြပါတယ်။လူတစ်ယောက်ခေါ်ထားသလိုကို အားကိုးရတဲ့ Alexa ကို Amazon ကလည်း တောက်လျှောက် Improvement တွေ၊Update တွေဆက်ပေးနေဆဲပါ။ဒါပေမဲ့ ခုနောက်ဆုံးထည့်ပေးမယ်လို့ ကြေညာထားတဲ့ AI တစ်ခုကတော့ တော်တော်လေးကိုမိုက်ပြီး နည်းနည်းလည်းကြောင်စီစီနိုင်တယ်ပြောရမှာပါ။

အဲ့ဒီ AI ကိုအသုံးပြုပြီးတော့ Alexa ရဲ့ပုံမှန်အသံကိုသုံးစရာမလိုတော့ပဲ ကိုယ်ထည့်ချင်တဲ့လူတစ်ယောက်ရဲ့ အသံကိုထည့်ထားပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ခုရည်ရွယ်တာကတော့ သေဆုံးသွားပြီဖြစ်တဲ့ မိသားစုဝင်ဖြစ်စေ၊ချစ်သူတစ်ယောက်ယောက်ရဲ့အသံကို ထည့်သွင်းအသုံးပြုဖို့ရည်ရွယ်ထားတာပါ။ကလေးလေးတစ်ယောက်ကို Alexa ကပုံပြင်တစ်ပုဒ်ဖတ်ပြနေတဲ့ Video နဲ့အဲ့ဒီ AI ကိုပုံဖော်ပြသခဲ့တာဖြစ်ပြီး ဖတ်ပြနေတဲ့အသံကတော့ Alexa ရဲ့ပုံမှန်အသံမဟုတ်ပဲ ကလေးလေးရဲ့အဖွားအသံပါ။
Amazon ရဲ့စီနီယာဒုဥက္ကဌဖြစ်တဲ့ Rohit Prasad က လူတစ်ယောက်ရဲ့ အသံနေအသံထားအားလုံးကိုယူဖို့အတွက် မိနစ်ပိုင်းစာလောက်အသံဖိုင်လေးသာ လိုအပ်ကြောင်း၊အရင်တုန်းကလိုမျိုး အချိန်တွေအကြာကြီးအကုန်ခံပြီး စတူဒီယိုထဲမှာအသံထိုင်သွင်းနေဖို့မလိုကြောင်း ရှင်းပြထားပါတယ်။ဒီ AI အတွက်အဓိက Concept ကတော့ AI တွေဆီလူသားရင်းမြစ်တွေ ပိုထည့်သွင်းနိုင်ဖို့၊လက်ရှိကပ်ရောဂါကာလကြောင့် လူတိုင်းဟာချစ်ရတဲ့လူတွေကိုဆုံးရှုံးထားရတာကြောင့် AI တွေကအဲ့ဒီပူဆွေးမှုတွေကို မလျှော့ချပေးနိုင်ပေမဲ့ သူတို့နဲ့အမှတ်တရတွေကို ထိန်းသိမ်းပေးထားနိုင်မှာကြောင့်လို့ ထပ်ပြောထားပါသေးတယ်။

အရင်တုန်းကတည်းက Amazon က Samuel L.Jackson တို့လိုနာမည်ကြီးတွေရဲ့အသံတွေနဲ့ Alexa ကိုသုံးလို့ရခဲ့ပါတယ်။မကြာသေးမှီကထွက်ခဲ့တဲ့ Top Gun:Maverick ရုပ်ရှင်ဇာတ်ကားမှာလည်း သရုပ်ဆောင် Val Kimer ဟာလည်ချောင်းကင်ဆာကြောင့် အသံအဆင်မပြေတဲ့အတွက် သူ့အသံကို Alexa နဲ့ AI အပြင် Deepfake နည်းပညာပါပေါင်းထည့်ထားဖန်တီးခဲ့ပါသေးတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ချစ်ရသူတွေအသံကို AI လေယူလေသိမ်းကြီးနဲ့ပြန်နားထောင်ရမှာ အားလုံးအတွက်တော့ အဆင်မပြေနိုင်ပါဘူး။ဒီအကြံကိုတချို့တွေက လုံးဝမကြိုက်ကြတဲ့အပြင် လိုက်တောင်ကန့်ကွက်နေကြပါတယ်။ခုချိန်ထိတော့ အဲ့ဒီ AI ကိုအသုံးပြုလို့မရသေးပဲ Amazon ကလည်းဘယ်အချိန်ထုတ်ပေးမယ်ဆိုတာကို တရားဝင်ကြေညာထားတာမရှိသေးပါဘူး။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။