ကပ်ရောဂါကြီးတစ်ခုကိုဖြန့်ပစ်ပြီး ကမ္ဘာပေါ်မှာရှိသမျှလူတွေအားလုံးကိုသတ်မယ်ဆိုတဲ့ အတွေးဟာ တော်တော်လေး ကြောက်ဖို့ကောင်းပြီး ဘယ်သူမှလည်း တော်ရုံတန်ရုံအဲ့လိုတွေးမိကြမှာမဟုတ်ပါဘူး။ဒါပေမဲ့ဂိမ်းတစ်ခုထဲမှာတော့ ကိုယ်ကရောဂါဖြန့်သူနေရာကကစားပြီး တလောကလုံးကိုသတ်ပစ်နိုင်ပါတယ်။စိတ်ဝင်စားဖို့ကောင်းသလိုပဲ အနိုင်ရရှိဖို့ကိုလည်း သေချာ‌စဉ်းစားပြီး ဆော့ရမဲ့ဂိမ်းပါ။

Plague Inc. ဆိုတဲ့ဒီဂိမ်းဟာထွက်ခဲ့တာအရမ်းကြာနေပေမဲ့ Covid-19 နောက်ပိုင်းမှာ နာမည်အရမ်းကြီးလာပြီး Streamer တွေအားလုံးနီးပါးကလည်းဆော့ပြခဲ့ကြပါတယ်။ခုကျွန်တော်မိတ်ဆက်ပေးမဲ့ မိုဘိုင်းဗားရှင်းကလည်း ၂၀၁၇ ခုနှစ်ကတည်းကထွက်ခဲ့ပါတယ်။PC ပေါ်မှာဆော့ရတဲ့ Plague Inc. ဟာ IGN ကပေးတဲ့ ၂၀၁၂ အတွက်အကောင်းဆုံး Strategy ဂိမ်းဆုကိုရရှိခဲ့ပါတယ်။

ဂိမ်းရဲ့ Objective ကကြောက်ဖို့ကောင်းပေမဲ့ Gameplay ကတော့ အေးအေးဆေးဆေးစဉ်းစားပြီးဆော့ရမဲ့ Strategy ဂိမ်းအမျိုးအစားပါ။အဓိကဆော့ရမဲ့ Gameplay နှစ်မျိုးရှိပါတယ်။ပထမတစ်ခုက ရောဂါဖြန့်ရမှာပါ။

ဘက်တီးရီးယား၊ဗိုင်းရပ်စ်၊မှို၊ကပ်ပါးကောင်၊ပရိုရွန်၊နာနိုဗိုင်းရပ်စ်၊Bio-weapon တို့ကနေတဆင့်ဖြန့်နိုင်တဲ့ရောဂါတွေပါပြီး အထူးစပယ်ရှယ်အနေနဲ့ ဦးနှောက်ကိုထိခိုက်စေပြီး စိတ်ကိုထိန်းချုပ်တဲ့ နျူရက်စ်ဗိုင်းရပ်စ်၊ဇွန်ဘီတွေဖြစ်စေတဲ့ နီခရိုဗိုင်းရပ်စ်၊Planet of the Apes ရုပ်ရှင်ထဲက မျောက်ဝံတွေကို ဉာဏ်ပိုကောင်းလာစေတဲ့ ဆီမီယန်‌ဗိုင်းရပ်စ်၊ကူးစက်ခံရသူကိုသွေးစုပ်ဖုတ်ကောင်ဖြစ်စေတဲ့ ရှဲဒိုးဗိုင်းရပ်စ်တို့ပါဝင်ပါတယ်။စပယ်ရှယ်ရောဂါတွေက ဝယ်ရမှာလည်းရှိ၊ရှေ့ကခုနှစ်ခုကို နိုင်ပြီးသွားရင် ရတာတွေလည်းရှိပါတယ်။

ရောဂါကိုစဖြန့်လိုက်တာနဲ့ ဘယ်နိုင်ငံမှာ ဘယ်နှယောက်ကူးစက်နေလဲကြည့်လို့ရပြီး ကူးစက်နှုန်းများလာတာနဲ့အမျှ နိုင်ငံတွေက ပြည်ဝင်ခွင့်ပြည်ထွက်ခွင့်ပိတ်တာတွေ၊နိုင်ငံပေါင်းစုံစုပြီး ကုသဆေးဖော်ဆောင်‌တာတွေကို ကြုံရမှာမလို့ ‌ရောဂါပိုးကို ပိုပိုပြီးအဆင့်မြှင့်ရင်း တစ်ကမ္ဘာလုံးကလူတွေတစ်ယောက်မကျန် ကူးစက်သေဆုံးတဲ့အထိ ကစားရမှာဖြစ်ပါတယ်။ကုသဆေးသာပေါ်လာမယ်ဆို ရှုံးသွားပါပြီ။ပြန့်နေတဲ့ရောဂါကိုကုရမဲ့ Mode မှာကတော့ ခုနကပြောခဲ့တာတွေအားလုံးကို ပြောင်းပြန်ပြန်လုပ်ပြီး ကုသဆေးဖော်ရမှာဖြစ်ပါတယ်။

ဂိမ်း Graphic ပိုင်းမှာတော့ ဘာမှထွေထွေထူးထူးပြောစရာမရှိပါဘူး။လုံးဝ Strategy ဦးစားပေးဂိမ်းသက်သက်ဖြစ်လို့ ကမ္ဘာ့မြေပုံပေါ်မှာ ရောဂါပြန့်နေပုံတွေကိုပဲ အနီစက်လေးတွေနဲ့မြင်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ သဘောကျစရာ Detail လေးတွေတော့ပါပါ‌သေးတယ်။အထူးစပယ်ရှယ်ရောဂါတွေကို‌ဆော့ရင်တော့ ရောဂါကူးစက်ပုံ၊ကူးစက်ခံရသူတွေကိုပြတဲ့ပုံစံလေးတွေပါဝင်ပါတယ်။

Storage size အနေနဲ့ 118MB သာရှိတဲ့ဒီဂိမ်းကို Android ပေါ်မှာရော iOS ပေါ်မှာရော အခမဲ့ဒေါင်းလုပ်ရယူပြီး အင်တာနက်မလိုအပ်ပဲ Offline ကစားနိုင်ပါတယ်။

ဒေါသတွေအရမ်းထွက်နေချိန်၊ကိုယ်မဲစရာလူမရှိလို့ စိတ်‌ထွက်ပေါက်ရှာမရချိန်တွေမှာ ဒီဂိမ်းကိုဆော့ရင် ခေါင်းအေးအေးနဲ့လူသတ်ဖို့ကြိုးစားတဲ့ပုံစံဖြစ်သွားတာကြောင့် တခြားဂိမ်းတွေနဲ့မတူတဲ့ ခံစားချက်တစ်ခုရရှိစေမှာပါ။Plague Inc. ကိုဆော့ကစားချင်ရင်အောက်ပါ link တွေကတဆင့် ဒေါင်းလုပ်ဆွဲယူနိုင်ပါတယ်။

သတင်းအရင်းမြစ်: Download link for Android

သတင်းအရင်းမြစ်: Download link for iOS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။