ပြည်သူချစ် သရုပ်ဆောင်ဟိန်းထက်ဟာဆိုရင် မိဘတွေနဲ့ခွဲပြီး လွတ်မြောက်နယ်မြေတစ်ခုမှာရောက်ရှိနေတာဖြစ်ပါတယ်။ ဟိန်းထက်ဟာသူချစ်တဲ့ အနုပညာအလုပ်တွေကို စွန့်လွှတ်ပြီး မိဘတွေနဲ့ဝေးရာမှာနေထိုင်နေရတဲ့ သူဖြစ်ပါတယ်။
သရုပ်ဆောင်ဟိန်းထက်က သူ့ရဲ့တစ်နေ့တာ လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲတင်ပေးလေ့ရှိပြီး အခုတစ်ခေါက်မှာလည်း မိဘနဲ့ ပတ်သတ်တဲ့ ရင်တွင်းခံစားချက်လေးတွေကို တင်ပေးလာတာဖြစ်ပါတယ်။
“မိဘစကားအမြဲမှန်လား။ မိဘစကားနားထောင်ရင်ကြီးပွားတိုးတက်တယ်ဆိုတာတကယ်လား။
-အမြဲမမှန်နိုင်ပါဘူးခင်ဗျာ။ ဘာလို့လည်းဆိုရင် မိဘတိုင်းက အရိယာပုဂ္ဂိုလ်တွေမဟုတ်လို့ပါ။
-ကျနော်တို့မွေးဖွားလာတဲ့အခါ ကိုယ်ကျင့်တရားကောင်းမွန်တဲ့မိဘတွေရှိသလို့ ကိုယ်ကျင့်တရားနည်းတဲ့မိဘတွေလည်းရှိပါတယ်။
-ကိုယ်ကျင့်တရားကောင်းမွန်တဲ့မိဘဆီရောက်တဲ့ကလေးဟာ လက်ဦးဆရာမိဘရဲ့ဆိုဆုံးမမှုကြောင့်ကိုယ်ကျင့်တရားကောင်းမွန်ပါတယ်။
-သို့သော် ကိုယ်ကျင့်တရားမကောင်းတဲ့ မကောင်းမှု ဒုစရိုက်လုပ်ကိုင်တဲ့ မိဘဆီရောက်လာတဲ့ ကလေးကတော့ ကောင်းဖို့အင်မတန်ခက်ပါတယ်။ ဘာလို့လည်းဆို မိဘကိုယ်တိုင်က အယူမှား မကောင်းမှုလုပ်နေတဲ့အတွက် သူဆုံးမတဲ့စကားတွေကလည်း ကောင်းမွန်မှန်ကန်မှာမဟုတ်လို့ပါ။သို့ပေမယ့် ဒီကလေးဟာမကောင်းလာနိုင်ဘူးလားဆိုတော့ ကောင်းဖို့အခွင့်အရေးရှိပါတယ်။ ဒါကတော့ ကောင်းမွန်တဲ့ပတ်ဝန်းကျင်၊ ကောင်းမွန်ပြီး ကိုယ်ကျင့်သီလရှိတဲ့သူဆီမှာ ဆည်းကပ်သင်ယူနေထိုင်ခြင်းပါ။
-ဒါကြောင့် ကျနော်တို့ဟာ စဥ်းစားတွေခေါ်မှုအားနည်းတဲ့အချိန်တော့ မိဘစကားကို နားထောင်ရပါလိမ့်မယ်။ဘာကြောင့်လည်းဆို မိဘဆိုတာက သားသမီးကို ဒုက္ခရောက်အောင် ထိခိုက်အောင်လုပ်မှာမဟုတ်လို့ပါ။
-ဒါပေမယ့် အသိတရားရလာတဲ့အချိန် စဥ်းစားတွေးခေါ်နိုင်စွမ်းရှိတဲ့အရွယ်ရောက်ရင်တော့ အကောင်းနဲ့အဆိုးကိုခွဲခြားပြီး လိုက်နာကျင့်ကြံရပါမယ်။ ဒါမှသာ အမှန်တကယ်ကြီးပွားတိုးတက်စေမှာပါ။
-ကျနော် ကိုယ်ကျင့်သီလကောင်းမွန်တဲ့မိဘဆီမှာ လူဖြစ်ခွင့်ရတဲ့အတွက် ကျနော်ဂုဏ်ယူမိပါတယ်။အဖေနဲ့အမေကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်းပြောရင်း ရှစ်ခိုးကန်တော့လိုက်ပါတယ်။
#အဓမ္မကိုဓမ္မနဲ့တွန်းလှန်မယ်”
ပြည်သူ့မင်းသားလေး ဟိန်းထက်က မကြာသေးမီကလည်းမိဘတွေရဲ့ လူသိရှင်ကြား အမွေပျက် စွန့်လွှတ်ခြင်းကိုခံခဲ့ရတဲ့သူဖြစ်ပါတယ်။ သို့ပေမယ့် ဟိန်းထက်ကတော့ မိဘတွေကျေးဇူးကို အမြဲအောက်မေ့ပြီး ကျေးဇူးတင်နေတုန်းပါပဲ။ မိဘကျေးဇူးကိုသိတတ်ပြီး လိမ္မာတဲ့သားလိမ္မာလေး ဟိန်းထက်တစ်ယောက် ဘေးကင်းလုံခြုံပြီး ဖြစ်ချင်တဲ့ လိုအင်ဆန္ဒလေးတွေ ပြည့်ဝဖို့ ဆုတောင်းပေးလိုက်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။