ရုပ်ထွက်တွေဘာတွေအရေးမကြီးပဲ ဂိမ်းတစ်ခုကို ဆော့ရတဲ့အပိုင်းကိုပဲ အာရုံစိုက်သူတွေအတွက် ဂိမ်းဆော့ရတာပျော်ဖို့ကောင်းပြီး တဖြည်းဖြည်းအရှိန်တက်လာစေမဲ့ ဂိမ်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဂိမ်းကဆော့နေရင်းနဲ့ တဖြည်းဖြည်းအရှိန်တက်လာမှာဖြစ်ပြီး စိန်ခေါ်မူလည်းပိုများလာမဲ့ဂိမ်းပါ။Mini Metro လို့အမည်ရတဲ့ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။

ဒီဂိမ်းက အခမဲ့ဆော့နိုင်တဲ့ဂိမ်းမဟုတ်ပဲ မြန်မာငွေ ၂၀၀၀ ကျော်လောက်တော့ပေးဝယ်ရမဲ့ဂိမ်းဖြစ်ပါတယ်။ဒါပေမဲ့ပေးဝယ်ရတဲ့ပိုက်ဆံနဲ့ တကယ်တန်တဲ့ဂိမ်းပါ။ဂိမ်းကိုစဆော့ဆော့ချင်းမှာ ရထားဘူတာလေးသုံးခုနဲ့ ရထားလမ်းကြောင်းသုံးခုကိုတွေ့ရမှာပါ။လမ်းကြောင်းသုံးခုကတစ်ခုနဲ့တစ်ခုအရောင်မတူသလို ဘူတာတွေကလည်း လေးထောင့်ပုံစံ၊တြိဂံပုံစံနဲ့ အဝိုင်းပုံစံတွေရှိပြီး တစ်ခုနဲ့တစ်ခုမတူပါဘူး။ခရီးသည်တွေထဲမှာလည်း လေးထောင့်စီသွားချင်တဲ့သူ၊အဝိုင်းဆီသွားချင်သူ၊တြိဂံဆီသွားချင်သူဆိုပြီးရှိပါတယ်။အတတ်နိုင်ဆုံးလမ်းကြောင်းတစ်ခုပေါ်မှာ ဘူတာပုံစံတွေစုံအောင် ထားပေးရမှာပါ။ဒါမှဘူတာတစ်ခုတည်းမှာ ခရီးသည်တွေထပ်နေမှာကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

စချင်းလမ်းကြောင်းတစ်ခုဆီပေါ်မှာ ရထားတစ်တွဲစီမောင်းနှင်နေမှာပါ။နောက်ပိုင်းတဖြည်းဖြည်း ဘူတာတွေများလာမှာကြောင့် အဆင်ပြေတဲ့လမ်းကြောင်းနဲ့ ချိတ်ဆက်ပေးရမှာဖြစ်ပါတယ်။လမ်းကြောင်းတစ်ခုကို ဘူတာအကန့်အသတ်မရှိချိတ်ဆက်နိုင်ပေမဲ့ ရေမြောင်းကိုဖောက်ရတဲ့ တံတားလေးတွေမရှိရင်တော့ ရေမြောင်းပေါ်ကျော်ပြီးဆက်နိုင်မှာမဟုတ်ပါဘူး။ရထားတွဲခေါင်းအသစ်တွေ၊လမ်းကြောင်းအသစ်တွေ၊ရထားတွဲအသစ်တွေကိုပါ တဖြည်းဖြည်းရရှိမှာမလို့ နောက်ပိုင်းလမ်းကြောင်းတစ်ခုတည်းမှာ ဘူတာတွေအရမ်းများလာရင် တခြားစက်ခေါင်းတွေ၊ရထား‌တွဲတွေထပ်ချပေးထားရမှာဖြစ်ပါတယ်။တကယ်လို့ဘူတာတစ်ခုပေါ်မှာ ခရီးသည်တွေအရမ်းများသွားတဲ့အချိန်ကျရင် Countdown တစ်ခုစတင်မှာဖြစ်ပြီး အဲ့ Countdown အချိန်ပြည့်သွားရင်တော့ ဂိမ်းရှုံးသွားပြီမလို့ အစကပြန်ဆော့ကစားရမှာဖြစ်ပါတယ်။

ဒီဂိမ်းဟာ ဇာတ်လမ်းတွေ၊ရုပ်ထွက်တွေ၊animation အလန်းစားတွေ ဘာဆိုဘာမှမပါပဲ ဆော့ရတဲ့ဂိမ်းပုံစံသီးသန့်ကိုပဲ လူကြိုက်များကြတာဖြစ်ပါတယ်။လွယ်သလိုလိုနဲ့ တော်တော်လေးခက်ပြီး တော်တော်လေးစဉ်းစားရတဲ့ဂိမ်းပါ။Streagy Puzzle ဂိမ်းအမျိုးအစားဖြစ်တာကြောင့် အ‌စကောင်းမှအနှောင်းသေချာနိုင်မဲ့ဂိမ်းဖြစ်ပါတယ်။Play Store ပေါ်မှာရော၊iOS ပေါ်မှာရော Review ကောင်းတွေအများကြီးရရှိထားပြီး ဆော့ရတာ စိတ်ဝင်စားစရာကောင်းတဲ့အပြင် စိန်ခေါ်မူတော်တော်များတဲ့ဂိမ်းဖြစ်တာကြောင့်စမ်းဆော့ကြည့်သင့်ပါတယ်။မြန်မာငွေ ၂၀၀၀ နဲ့လည်းပေးရတာလုံးဝတန်တာမလို့ အားလုံးစမ်းဆော့ကြည့်သင့်ကြတဲ့ဂိမ်းလေးတစ်ခုပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။