ခုဖော်ပြလိုက်တဲ့ သတ္တဝါများဟာ အာကာသရှေ့ဆောင်များဖြစ်ကြပြီး အများစုမှာ ယနေ့ကျွန်ုပ်တို့ကဲ့သို့ လူသားများ အာကာသစူးစမ်းလေ့လာနိုင်ရန် အသက်ဆုံးရှုံးခဲ့ကြရပါတယ်။

ခွေး

ကမ္ဘာကို ပထမဆုံး လှည့်ပတ်ခဲ့တဲ့ တိရစ္ဆာန်ကတော့ ခွေးပါ။ ဆိုဗီယက်ယူနီယံဟာ ခွေးအများအပြားကို အာကာသထဲသို့ ပို့ခဲ့ပေမယ့်လည်း Laika ဟာ အကျော်ကြားဆုံးဖြစ်နိုင်ပါတယ်။ Laika ရဲ့ ဇာတ်လမ်းက အာကာသကနေ ဘယ်တော့မှ ပြန်မလာတဲ့အတွက် ဝမ်းနည်းစရာပါပဲ။ အစားတစ်နပ်နှင့် ခုနစ်ရက်ကြာ အောက်ဆီဂျင်ထောက်ပံ့မှုဖြင့် သူမကို အာကာသထဲ စေလွှတ်ခဲ့ကြပါတယ်။

လိပ်

ဆိုဗီယက်ယူနီယံကလည်း လိပ်များကို အာကာသထဲသို့ စေလွှတ်ခဲ့ပါ‌ေသးတယ်။ 1968 ခုနှစ်တွင် လိပ်များကို Zond 5 အာကာသယာဉ်ပေါ်တွင် ပိုးကောင်များနဲ့ မြေနမူနာများနှင့်အတူ လွှတ်တင်ခဲ့ပါတယ်။ သူတို့ဟာ လကိုလှည့်ပတ်ပြီး ခြောက်ရက်အကြာတွင် အိန္ဒိယသမုဒ္ဒရာထဲသို့ ပျက်ကျသွားပါတယ်။ အံ့ဩစရာကောင်းတာက လိပ်တွေဟာ သူတို့ရဲ့ အာကာသစွန့်စားခန်းကနေ လွတ်မြောက်ခဲ့ပါတယ်။

မျောက်များနှင့် မျောက်ဝံများ

မျောက် နှင့် မျောက်ဝံ အကောင် ၃၀ ကျော်ဟာ အာကာသထဲသို့ ရောက်ဖူးကြောင်း မှတ်တမ်းတင်ထားပါတယ်။ အကျော်ကြားဆုံးတစ်ခုမှာ Ham ချင်ပန်ဇီဖြစ်ပါတယ်။ ဇန်န၀ါရီလ 31 ရက် 1961 တွင် သူရဲကောင်းဆန်တဲ့ ချင်ပန်ဇီ Ham ဟာ ဒုံးပျံတစ်ခုပေါ် လွှတ်တင်ခဲ့ပြီး အာကာသထဲသို့ ပထမဆုံးရောက်နိုင်ခဲ့တဲ့ မျောက်ဝံဖြစ်လာခဲ့ပါတယ်။

ကြောင်

ကြောင်တစ်ကောင်တည်းသာ အာကာသထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ဖူးပါတယ်။ Félicette ဟာ ပဲရစ်မှ လေလွင့်ကြောင်တစ်ကောင်ဖြစ်ပြီး ပြင်သစ်အာကာသအစီအစဉ်မှ အာကာသထဲသို့ လွှတ်တင်ခဲ့ပါတယ်။ သူမရဲ့ ပျံသန်းမှုဟာ အောက်တိုဘာလ 18 ရက် 1963 ခုနှစ် မှာ ဖြစ်ပွားခဲ့တာပါ။ သူမရဲ့ အာရုံကြောဆိုင်ရာ လုပ်ဆောင်ချက်ကို စောင့်ကြည့်နိုင်စေဖို့ သူမရဲ့ ဦးနှောက်ထဲမှာ လျှပ်ကူးပစ္စည်း ထည့်ထားပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သိပ္ပံပညာပရောဂျက်အတွက် အသတ်ခံလိုက်ရပါတယ်။

အခြားတိရစ္ဆာန်များ

သိပ္ပံနည်းကျ စမ်းသပ်မှုများတွင် အသုံးများသော သတ္တဝါများဟာ အာကာသကုိလည်း ရောက်ခဲ့ဖူးကြပါ။ အဲ့ဒီတိရစ္ဆာန်တွေထဲမှာ ကြွက်များ၊ ယင်များ၊ ဖားများ၊ ပင့်ကူများနှင့် ငါးများ ပါဝင်ပါတယ်။ 2018 ခုနှစ်တွင် SpaceX Dragon capsule ဟာ ကြွက်အကောင် 20 ကို နိုင်ငံတကာအာကာသစခန်းကုိ ပို့ခဲ့ဖူးပါတယ်။ 2021 ခုနှစ်တွင် SpaceX ဟာ Hawaiian bobtail ပြည်ကြီးငါးများကို ISS သို့ ပေးပို့ခဲ့ပြီး အာကာသယာဉ်မှူးများက ၎င်းတို့အား စမ်းသပ်မှုများ ပြုလုပ်နိုင်ခဲ့ပါတယ်။

သတင်းအရင်းမြစ်: The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။