ဆောင်းရာသီ စတင်ဝင်ရောက်လာပြီဆိုတာနဲ့ ထန်းပင်တွေ အများကြီးရှိတဲ့ မြန်မာပြည်အလယ်ပိုင်းဒေသ တွေမှာ ပေါပေါသီသီ တွေ့ရှိလာတာကတော့ ထန်းမြစ်လို့ ခေါ်တဲ့ အညာဒေသစားစရာလေးပဲဖြစ်ပါတယ်။ ထန်းပင်၊ ထန်းမြစ် ထန်းလတ်တို့ဆိုတာလည်း အညာဒေသနဲ့ခွဲလို့ မရအောင် လိုက်ဖက်လွန်းလှတဲ့ သင်္ကေတလေးတွေဖြစ်ပါတယ်။

အားလုံးသိကြတဲ့ ထန်းမြစ် ဖြစ်ပေါ်လာပုံနဲ့ပတ်သတ်ပြီး မသဲကွဲတဲ့ထင်မြင်ယူဆချက်တွေ များစွာရှိပါတယ်။လူတော်တော်များများကတော့ ထန်းမြစ်ကို ထန်းပင်ကြီးရဲ့ အမြစ်လို့ ထင်လေ့ရှိပါတယ်။ ဒါပေမယ့် တကယ့်အမှန်ကတော့ ထန်းမြစ်ဟာ ထန်းပင်ကြီးရဲ့ အမြစ်မဟုတ်ပါဘူး။ ရင့်နေတဲ့ထန်းသီးကနေ ထွက်လာတဲ့ အစို့အမြစ်လေးတစ်ခုပါ။

Google

အညာဒေသတွေမှာ ထန်းသီးတွေဟာ ပေါများလွန်းတာကြောင့် ဘယ်သူမှ ကုန်တဲ့အထိ မစားနိုင်ကြပါဘူး။ မစားနိုင်တော့တဲ့ ထန်းသီးတွေဟာ တဖြည်းဖြည်း ရင့်လာပါတယ်။ ရင့်လာတဲ့ထန်းသီးတွေကို နွားကျွေးတာဖြစ်ဖြစ် မြေကြီးမှာ ပြန်လည်စိုက်ပျိုးတာဖြစ်ဖြစ်လုပ်ကြပါတယ်။ ထန်းသီးအရင့်ကနေ ထန်းပင် ဖြစ်လာဖို့ အောက်ကနေအစို့လေး ထွက်လာတာလေးကမှ အားလုံးခေါ်နေကြတဲ့ ထန်းမြစ်ဖြစ်ပါတယ်။ အဲဒီထန်းသီးကထွက်လာတဲ့ အစို့လေးကို မတူးဘဲ ဆက်ထားလိုက်ရင်တော့ ထန်းပင်ကြီးဖြစ်လာမှာပါ။ထန်းမြစ်ကို သီးသန့် ပျိုးထောင်ရောင်းချသူများရှိသလို တစ်နိုင်တစ်ပိုင် ပျိုးထောင်သူများလည်းရှိပါတယ်။

Google

ထန်းမြစ်ဟာ ချိုတဲ့ အရသာလေးရှိပြီး နုလွန်းရင်တော့ ခါးတတ်ပါတယ်။ ထန်းမြစ်ကို မီးဖုတ်ပြီးစားသလို ပြုတ်ပြီးတော့လည်း စားကြပါတယ်။ ခေတ်ကာလတွေ တဖြည်းဖြည်းပြောင်းလဲလာတာနှင့်အမျှ ထန်းမြစ်ကျော် ၊ ထန်းမြစ်အစပ်ကျော် စသည့်ဖြင့် ထန်းမြစ်ကို နည်းအမျိုးမျိုး ဖန်တီးပြီး တီထွင်စားသောက်လာကြပါတယ်။

Google

အညာဒေသတွေမှာတော့ ထန်းမြစ်ကို မီးဖုတ်ပြီး စားတာများကြပါတယ်။ထန်းမြစ်ကို မီးဖုတ်လိုက်ရင် အခွံလေးတွေ မီးကျွမ်းပြီးထွက်လာတဲ့ မွှေးရနံ့နှင့် ထန်းမြစ်ရဲ့ မူလ မွှေးရနံ့သင်းသင်းလေးတို့ ပေါင်းစပ်သွားမိပြီး အရသာလေးကတော့ နတ်သုဒ္ဓါအလားပါပဲ။

Google

အညာဒေသတွေသွားဖြစ်ရင် ကားလမ်းမ ဘေးဘက်ဝဲယာ တွေမှာ ထန်းမြစ်မီးဖုတ်လေးတွေ ရောင်းလေ့ရောင်းထရှိပါတယ်။ လမ်းကြုံလို့ တွေ့ခဲ့ရင် ဝင်ရောက်မြည်းစမ်းကြည့်ပါဦးနော်။ ချမ်းအေးတဲ့ ဆောင်းရာသီမှာ အညာဒေသရဲ့သင်္ကေတဖြစ်တဲ့ လယ်ကွင်းတွေကိုကြည့်ရင်း ထန်းမြစ်မီးဖုတ်ပူပူလေး စားရတဲ့ အရသာက ဘာနဲ့မှ လဲလို့မရတဲ့ အရသာလေးဆိုတာကိုတော့ သေချာပေါက် ပြောရဲပါတယ်။ အညာဒေသမဟုတ်တဲ့ ရန်ကုန်မြို့လိုနေရာတွေမှာလည်း ထန်းမြစ်ကို ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူစားသုံးနိုင်ပါတယ်။ ဒါပေမယ့် အညာဒေသမှာ စားရတဲ့ ထန်းမြစ်မီးဖုတ်ရဲ့ အရသာကိုတော့ မှီနိုင်မှာ မဟုတ်ပါဘူး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။