ငါးလောက်လို့ခေါ်တဲ့ငါးသေးသေးလေးတွေဟာ အကောင်သေးသလောက် တော်တော်လေး အရသာရှိလွန်းလှတဲ့ငါးကလေးတွေပါ။ နူးညံ့အိစက်ပြီးချိုလွန်းလှတဲ့ ငါးလောက်အကောင်လေးတွေဟာ သံလွန်မြစ်ထဲ ရေတတ်ချိန်ဆို ဆန်တတ်လာပြီး ဘားအံမြို့လွန်ရင် ဆက်ပြီး မဆန်တတ်နိုင်တော့ပါဘူး။ ဒီကနေ့မှာဆိုရင် ရေဆုတ်ချိန်ရောက်ပြီမို့ ငါးလောက်တွေ မဆန်တတ်လာနိုင်တော့ပါ။ နောက်တစ်ရေကို ထပ်မံမျှော်ရမယ်လို့ သိရပါတယ်။

Photo - Crd

အကောင်ကြည်ကြည် သေးသေး ငါးလောက်လေးတွေကို ငရုတ်သီးလေး ဆီသတ်ပြီး ခရမ်းချဉ်သီး နဲ့ ချက် အပေါ်က ပင်စိမ်းမွှေးလေးအုပ်ပြီးစားမယ်ဆို ဆွေမျိုးမေ့လောက်အောင် ကောင်းလွန်းလှပါတယ်။ တစ်ကောင်လုံးအကုန်ဝါးစားလို့ရပြီး အရိုးလေးတွေကအစ နူးအိနေတာပါပဲ။ ရေချိုငါးလေးတွေဖြစ်တာကြောင့် အရသာကလည်း အင်မတန်ချိုလွန်းလှပါတယ်။ မွေးကြိုင်ပြီး အရသာရှိလွန်းလှတဲ့ ငါးလောက်ဆီပြန်ဟင်းလေးဟာ တကယ့်ကို နတ်သုဒ္ဓါဟင်းတစ်ခွက်ပါ။

Photo - Crd

ရာသီချိန်ပေါ်ဦးပေါ်ဖျားမှ စားလို့ရတာကြောင့် ငါးလောက်လေးတွေရဲ့ ဈေးက ဘားအံမှာဆိုရင် အရမ်းဈေးကောင်းပါတယ်။ တစ်ပိဿာကို ၄ သောင်းဈေးအထိပေးဝယ်ရပြီး ပေါ်ခါစကဆို ၆ သောင်းဈေးထိတောင်ရှိတယ်လို့ သိရပါတယ်။ ငါးလောက်လေးတွေ ဘားအံမှာ စပေါ်တာ ၃ ရက်လောက်ပဲရှိသေးတယ်လို့ ဒေသခံရဲ့ အဆိုအရသိရပါတယ်။

Photo - Crd

ကရင်ပြည်နယ်ဘားအံမြို့ကိုရောက်ခဲ့လို့ ငါးလောက်လေးတွေပေါ်တဲ့ ရာသီနဲ့ ကြုံကြိုက်ခဲ့မယ်ဆိုရင် လျှာခလုတ်တိုက်လောက်အောင် စားကောင်းလွန်းလှတဲ့ ငါးလောက်လေးတွေကို မြည်းစမ်းသုံးဆောင်ကြည့်ဖို့ အကြံပြုပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။