၁၉၀၀ ပြည့်နှစ်များမှာ အင်္ဂလန်နိုင်ငံမှာ မေရီအန်းလို့ခေါ်တဲ့ အမျိုးသမီးကြီးတစ်ယောက်ရှိခဲ့ဖူးပါတယ်။ မေရီအန်းဟာ ကမ္ဘာ့ရုပ်အဆိုးဆုံးမိန်းမကြီးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့အမျိုးသမီးပါ။ ဒါပေမယ့် မိတ်ဆွေ .. သင်သာ မေရီအန်းရဲ့ဘဝအကြောင်းကို ခရေစေ့တွင်းကျသိသွားခဲ့မယ်ဆိုရင်မေရီအန်းကို ကမ္ဘာ့ရုပ်အချောဆုံး အမျိုးသမီးလို့တောင် ခေါ်ဝေါ်မိမှာပါ။

မေရီအန်းဟာ ပုံမှန်မဟုတ်တဲ့ကြီးထွားခြင်းနှင့် မျက်နှာပုံစံပျက်ခြင်းရောဂါ (acromegaly ရောဂါ) ကို ခံစားနေရတဲ့ အမျိုးသမီးဖြစ်ပါတယ်။ ဒါကြောင့်မေရီအန်းဟာ မွေးလာကတည်းက ရုပ်ဆိုးစွာ မွေးဖွားလာခဲ့တာမဟုတ်ပါဘူး။ လှပချောမောလှတဲ့ရုပ်ရည်လေးကနေ ရောဂါကြောင့် ရုပ်ဆိုးသွားခဲ့ရသူပါ။သူမရောဂါကြောင့် ရုပ်မပျက်စီးခဲ့စဉ်ကလုပ်ကိုင်ခဲ့တဲ့ အလုပ်လေးက သူနာပြုလေးတစ်ယောက်ပါ။

မေရီအန်း

သူမရဲ့ခင်ပွန်းဖြစ်သူသေဆုံးသွားပြီနောက်မှာ မေရီအန်းတစ်ယောက် သားသမီး ၄ ယောက်နဲ့အရမ်းကို ဒုက္ခရောက်ခဲ့ရပါတယ်။ ဆောင်းရာသီမှာစားဖို့ ပေါင်မုန့်တစ်လုံးတောင် မဝယ်နိုင်ခဲ့တဲ့ မေရီအန်းဟာ အကြွေးတွေများစွာတင်ခဲ့ပြီး ငွေကြေးလိုအပ်မှုတွေလည်း များစွာဖြစ်ခဲ့ပါတယ်။ သားသမီး ၄ ယောက်နဲ့ ပိုက်ဆံမရှိတဲ့ဒဏ် ၊ အငတ်ဘေးဆိုက်တဲ့ဒဏ်ကို ဆိုးဆိုးရွားရွားကြီးခံစားကြုံတွေ့ခဲ့ရတဲ့ မေရီအန်းဟာ ရှက်စရာကောင်းတဲ့ပြိုင်ပွဲတစ်ခုဖြစ်တဲ့ “ရုပ်ဆိုးပြိုင်ပွဲ”မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ မေရီအန်းဟာ သူမရဲ့ အားအနည်းဆုံး ၊ အဆိုးရွားဆုံး အချက်နဲ့ပဲ ရုပ်ဆိုးပြိုင်ပွဲမှာ “ကမ္ဘာ့ရုပ်အဆိုးဆုံးမိန်းမကြီး” အဖြစ် အနိုင်ရရှိခဲ့ပါတယ်။

မေရီအန်း

နောက်ပိုင်းတွေမှာ မေရီအန်းကို ဆပ်ကပ်အဖွဲ့တစ်ခုက ငှားရမ်းခဲ့တာကြောင့် သူမဟာ မြို့ပေါင်းများစွာမှာ သွားရောက်ဖျော်ဖြေခဲ့ရပါတယ်။ ရုပ်အဆိုးဆုံးမိန်းမကြီးဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် သူမကို လူအများကလှောင်ပြောင်ရယ်မောကြပါတယ်။ လူတွေလှောင်ပြောရောမောကြနိုင်ဖို့အတွက်ပဲ သူမကို ဆပ်ကပ်အဖွဲ့က ငှားရမ်းခဲ့တာဖြစ်လို့ လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ လောင်ပြောင်တဲ့ဒဏ်ကို မေရီအန်းတစ်ယောက် အပြင်းအထန်ခံခဲ့ရပါတယ်။ အခြားသူတွေဆီကနေ လှောင်ပြောင်ကဲ့ရဲ့မှုတွေ များစွာခံခဲ့ရတဲ့မေရီအန်းဟာ တစ်ဖက်မှာလည်း သားသမီးတွေကို ပိုကောင်းမွန်တဲ့ဘဝလေးတွေ ရရှိစေဖို့ ငွေကြေးလေးတွေ ရရှိခဲ့ပါတယ်။ ကမ္ဘာ့ရုပ်အဆိုးဆုံးမိန်းမကြီးမေရီအန်းဟာ လူတွေရဲ့ လှောင်ပြောင်သရော်မှုတွေကို ဘယ်လောက်ပဲ အပြင်းအထန် ခံခဲ့ရစေကာမူ သားသမီးတွေကိုတော့ ပြည့်စုံလုံလောက်အောင် ထားပေးခဲ့တဲ့ အာဂ  အမျိုးသမီးတစ်ယောက်ပါ။ ကမ္ဘာ့ရုပ်အဆိုးဆုံးမိန်းမကြီး မေရီအန်းဟာ ၁၉၃၃ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

မေရီအန်း

မေရီအန်းရဲ့ ဖြစ်စဉ်ကို သုံးသပ်ကြည့်ရရင် လူတွေဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက ရုပ်ပိုင်းဆိုင်ရာအပေါ်ယံသွင်ပြင်နှင့် ပတ်သတ်ပြီး အရမ်းကို ဝေဖန်မှုလွန်ကဲကြပါတယ်။ အကယ်၍ လူတွေသာ မေရီအန်းရဲ့ အပေါ်ယံရုပ်ပိုင်းဆိုင်ရာ သွင်ပြင်ကိုမဟုတ်ဘဲ သူမရဲ့ အတွင်းစိတ်ပုံစံလေး ကိုသာ မြင်တွေ့နိုင်ခဲ့မယ်ဆိုရင် မေရီအန်းကို “ကမ္ဘာ့ရုပ်အဆိုးဆုံးမိန်းမကြီး” လို့ သတ်မှတ်တော့မှာမဟုတ်ဘဲ “ကမ္ဘာ့ရုပ်အချောဆုံး အမျိုးသမီး” အဖြစ် သေချာပေါက် သတ်မှတ်ကြမှာပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။