“The Return Of Superman” အစီအစဉ်ထဲမှာဆိုရင် အရမ်းအရမ်းကိုချစ်ဖို့ကောင်းတဲ့ William နှင့် Bentley တို့ကို မသိတဲ့လူ မရှိလောက်ပါဘူးနော်။ လူကြိုက်အရမ်းများပြီး မသိတဲ့လူမရှိတဲ့ Sam ၊ William နှင့် Bentley Hammington တို့သားအဖတွေဟာ KBS ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ “The Return Of Superman”  အစီအစဉ်ကနေ  နှုတ်ထွက်တော့မယ်လို့ သိရပါတယ်။ 

ဒီအကြောင်းအရာကို နိုဝင်ဘာလ ၁၉ ရက်နေ့က အင်တာတိန်းမန့်ဘက်ကနေ ကြေညာခဲ့တာဖြစ်ပါတယ်။ Sam Hammington နှင့် သူ့ရဲ့သားလေးနှစ်ယောက်ရဲ့ “The Return of Superman” နောက်ဆုံးအပိုင်းကို ရိုက်ကူးပြီးသွားပြီဖြစ်ကြောင်း အင်တာတိန်းမန့်ဘက်ကကြေညာခဲ့ပါတယ်။

Instagram

Sam Hammington တို့ မိသားစုက ၂၀၁၆ ခုနှစ်ကတည်းက “The Return of Superman” အစီအစဉ်မှာပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ Sam Hammington တို့ အစီအစဉ်က ထွက်သွားတော့မယ်ဆို တဲ့ကိစ္စနဲ့ပတ်သတ်ပြီး “The Return of Superman” ဘက်ကလည်း အတည်ပြုပေးထားပါတယ်။ “သူတို့ရဲ့နောက်ဆုံးအပိုင်းကို ဒီနေ့ရိုက်ကူးခဲ့တယ်ဆိုတာ မှန်ပါတယ်။ သူတို့ရဲ့နောက်ဆုံးအပိုင်းကို ဘယ်နေ့မှာထုတ်လွှင့်မယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး”

Instagram

အင်စတာဂရမ်ပေါ်မှာလည်း Sam Hammington က ပရိသတ်တွေဆီကို အခုလို နှုတ်ဆက်စကားလေးရေးခဲ့ပါတယ်။

“ကုန်လွန်ခဲ့တဲ့ ၅ နှစ်ကျော်အတွင်းမှာ အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်။ ဒီနေ့ခံစားရတဲ့ခံစားချက်တွေကို စကားလုံးနဲ့တောင် ဖော်ပြလို့မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံး အမှတ်တရတွေ လုပ်ခဲ့ကြတာပဲလေ။ အစရှိခဲ့ပြီဆိုကတည်းက အဆုံးသတ်ဆိုတာ ရောက်လာမှာပါပဲဗျာ ။ပရိသတ်တွေကြောင့်သာ ကျွန်တော်တို့ အခုလို ကောင်းမွန်တဲ့အမှတ်တရတွေ ဖန်တီးနိုင်တာပါ။ ကျေးဇူးပါပဲဗျာ ။နောက်အနာဂတ်မှာလည်း ပရိသတ်တွေ ကျွန်တော်တို့ သားအဖတွေကို ဆက်ပြီး အားပေးသွားမယ်လို့ မျှော်လင့်ပါတယ်။ ကျန်းမာအောင်နေကြပါ။ ပျော်ပျော်နေကြပါ။ ကျွန်တော်တို့အားလုံးကို ချစ်ပါတယ်။”

Instagram

ဒီသတင်းလေးကတော့ “The Return of Superman” ပရိသတ်တွေအတွက်လုံးဝကို စိတ်မကောင်းစရာသတင်းတစ်ခုပါပဲ။ William နှင့် Bentley တို့ရဲ့နောက်ဆုံးအပိုင်းကို ဘယ်နေ့ထုတ်လွှင့်မယ်ဆိုတာ မကြေညာထားပေမယ့် နောက်ဆုံးခန်းထုတ်လွှင့်ပြီးရင်တော့ William နှင့် Bentley လေးတို့ကို အစီအစဉ်မှာတွေ့ရတော့မှာမဟုတ်ပါဘူး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။