Friends ဇာတ်လမ်းတွဲမှာ Gunther အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဟောလိဝုဒ် သရုပ်ဆောင်ကြီး James Michael Tyler ဟာဆိုရင် ယမန်နေ့အောက်တိုဘာလ ၂၄ ရက်နေ့မှာ သူ့ရဲ့ နေအိမ်မှာပဲကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ James Michael Tyler ဟာဆိုရင် အခု ၂၀၂၁ ခုနှစ်မှာ ပရော့စတိတ် (သုက်ရည် ဂလင်း အကျိတ်) ကင်ဆာ အဆင့် ၄ ဖြစ်နေကြောင်း NBC နှင့် အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။ ရောဂါ ဖြစ်နေတာကို စတင်သိရှိခဲ့တဲ့ အချိန်ကတော့ ၂၀၁၈ ခုနှစ်တုန်းကလို့ သိရပါတယ်။ ရောဂါအခြေအနေကို သိသွားတဲ့အချိန်မှာ နောက်ကျသွားပြီဖြစ်လို့  ကုသဖို့အတွက်လည်း အချိန်လွန်သွားခဲ့တဲ့ပုံပါပဲ။

Google

James Michael Tyler ဟာ Friends ဇာတ်လမ်းတွဲမှာ Gunther လို့ခေါ်တဲ့ Central Perk ရဲ့ မန်နေဂျာနေရာကနေ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့အချိန်မှာ အသက်က ၅၉ နှစ်ရှိနေပါပြီ။

Google

“ကမ္ဘာကြီးက သူ့ကိုစသိတာက Gunther အဖြစ်နဲ့ပါ။ ဒါပေမယ့် Michael ကို တကယ်သိတဲ့သူတွေကတော့ သူ့ကို သရုပ်ဆောင် ၊ ဂီတပညာရှင် ၊ ကင်ဆာရောဂါအကြောင်း အသိပညာပေးသူ ၊ ချစ်တတ်သောခင်ပွန်း” စတဲ့နာမည်လေးတွေနဲ့ထာဝရ မှတ်မိနေမှာပါလို့  သူ့မိသားစုရဲ့ဝမ်းနည်းကြောင်းစာလေးထဲမှာ ရေးထားပါတယ်။

Google

Michael ဟာ ဂီတကိုချစ်မြတ်နိုးပြီး စီစဉ်ထားခြင်းမရှိတဲ့ စွန့်စားရေးခရီးတွေကို ထွက်ရတာကြိုက်တယ်လို့ သိရပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ခင်တတ်မင်တတ်လွန်းတဲ့သူဖြစ်တာကြောင့် သူနဲ့ တစ်ခါသူငယ်ချင်းဖြစ်ဖူးခဲ့ရင် ထာဝရသူငယ်ချင်းတွေ ဆက်ပြီးဖြစ်နေမယ့် သူမျိုးဖြစ်ပါတယ်။

Google

Michael ဟာ သူ့ရောဂါအခြေအနေကို အစောကြီးကတည်းက ထုတ်ဖော်မပြောခဲ့ဘဲ ဖုံးကွယ်ထားခဲ့ပါသေးတယ်။ အကြောင်းအရင်းကို မေးကြည့်လိုက်တဲ့အချိန်မှာတော့ ကျွန်တော့်ကို “Friends” ဇာတ်လမ်းတွဲမှာ Gunther လို့သိထားကြတဲ့ ပရိသတ်တွေကို Gunther မှာ ကင်ဆာရောဂါရှိနေပြီ ။ Gunther ကင်ဆာဖြစ်နေပြီဆိုပြီး သူ့ဇာတ်ကောင်နဲ့တွဲပြီးမြင်ကြမှာမျိုး မဖြစ်စေချင်တာကြောင့်လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ ဇာတ်ကောင်ကို အရမ်းကို တန်ဖိုးထားတဲ့သူပဲနော်။ ကွယ်လွန်ခါနီးမှပဲ ပရိသတ်တွေကို ရောဂါအခြေအနေကို ပြောပေးခဲ့ရှာတယ်။

Google

“Friends” ဇာတ်လမ်းတွဲရဲ့ executive producer တစ်ယောက်ဖြစ်တဲ့ Kevin Bright ကလည်း အခုလိုပြောကြားထားပါတယ်။

 “ကျွန်တော်တို့ရဲ့ Gunther ကြီး James Michael Tyler က ညတုန်းက ကွယ်လွန်သွားခဲ့ရှာပါပြီ။ ဒီလူက တော်တော်မယုံနိုင်စရာကောင်းတဲ့ လူပါဗျာ .. သူ့နောက်ဆုံးနေ့ရက်တွေမှာတောင် အခြားသူတွေကို ကူညီပေးရင်းနဲ့ ထွက်ခွာသွားရှာတာ။ ဘုရားသခင်ကောင်းချီးပေးမှာပါဗျာ .. သူ့ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ Gunther ကတော့ ထာဝရရှင်သန်နေမှာပါဗျာ”

Google

ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေကလည်း ကြွေလွင့်သွားရှာပြီဖြစ်တဲ့ ကြယ်တစ်ပွင့်အတွက် နှမြောတသ ဖြစ်နေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။