ကဲ...အမျိုးသမီးတို့ရေ..crushဖြစ်တဲ့သူကို ဒီနည်းလမ်းရိုးရိုးလေးသုံးပြီးတော့သာ ကိုယ့်ဘက်ပါအောင်ကြိုးစားပေတော့။

အပြုအမူတိုင်းက ဆွဲဆောင်မှုနဲ့ ယုံကြည်မှုအပြည့်ရှိပါစေ
မိန်းကလေးတွေအတွက် ဒီအချက်ကို လေ့ကျင်ခိုင်းရတာ သိပ်ခက်ခဲပါတယ်နော်။ မိန်းကလေးဆိုတဲ့အမျိုးဟာလည်း ကိုယ့်ကိုလွှမ်းမိုးနိုင်တဲ့တစ်စုံတစ်ယောက်ရှေ့ရောက်ပြီဆိုတာနဲ့ ပျာယာတွေ ကိုခက်ကုန်ကြတာပဲလေ။ ဒီတော့ အပြုအမူတိုင်းက ဆွဲဆောင်မှုရှိဖို့ဆိုရင် လှလှပပလေးပြင်ဆင်ခဲ့ပြီးမှတော့ ကျော့ကျော့ကော့ကော့လေးသာ နေလိုက်ပါတော့။ “Crush” ကိုတွေ့လိုက်တာနဲ့ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ပြုံးပဲပြရတော့မလိုလို မသိချင်ယောင်ပဲဆောင်နေရတော့မလိုလို ဖြစ်မနေပါနဲ့။ အလှဆုံးပြင်ထားပြီး အလှဆုံးဝတ်လာခဲ့ပြီပဲ။ ယုံကြည်မှုအပြည့်နဲ့ ကိုယ်နေဟန်ထား တိုင်းက ဆွဲဆောင်မှုရှိရှိသာနေပါ။ သင်္ကြန်လိုအချိန်အခါမျိုးမှာဆိုရင်လည်း ရေတွေစိုရွှဲလို့ ကြွက်စုတ်ကလေးဖြစ်နေပြီဆိုရင်တောင်မှ ပင်ကိုယ်ရှိရင်းစွဲအလှအပေါ် ယုံကြည်မှုရှိပါစေ။ ဘာဖြစ်လို့လဲ ဆိုရင် သင်ဟာ ပင်ကိုယ်ဆွဲဆောင်မှုှရှိတဲ့မိန်းကလေးပဲလေ။ မဟုတ်ဘူးလား။

မျက်လုံးချင်းစကားပြောနိုင်ဖို့ ကြိုးစားပါ
မျက်လုံးချင်းစကားပြောဖို့နေနေသာသာ မျက်နှာချင်းဆိုင်ဖို့တောင် ခက်ခဲနေမယ်ဆိုတာ သိပါတယ်။ ဒီလိုရင်ခုန်စိ်တ်လှုပ်ရှားမှုမျိုးဟာ “Crush” နဲ့တွေ့ပြီဆို မိန်းကလေးတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စပါပဲလေ။ ဒါပေမယ့် အခုဒိတ်ပြီးနေပြီဆိုမှတော့ အရင်ကလိုရှက်နေကြောက်နေလို့မရတော့ပါဘူး။ သင်တို့နှစ်ယောက် ဒိတ်တဲ့နေ့မှာ တစ်နေကုန်ကဲကြမယ်ဆိုရင် နှစ်ကြိမ်လောက်တော့ မျက်လုံးချင်းဆုံနိုင်ဖို့ ကြိုးစားပါ။ စကားလုံးတွေနဲ့သာ သင့်ကိုလိမ်လို့ရချင်ရမယ်။ မျက်လုံးထဲကနေတစ်ဆင့် သင့်ကိုလိမ်ဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ကိစ္စပါပဲ။ သင့်ကို သူစိတ်ဝင်စားနေတယ် စိတ် မဝင်စားဘူးဆိုတဲ့အဖြေကို သူ့ရဲ့စကားလုံးတွေကတစ်ဆင့် နားထောင်တာထက် သူ့မျက်လုံးတွေထဲကနေတစ်ဆင့် နားထောင်တာ ပိုမိုမှန်ကန်မှာပါ။ အကြည့်ချင်းဆုံပြီးပြီ၊ ရှက်ပြုံလေးတွေ ခြွေပြီးပြီဆိုရင်တော့ သင်တို့နှစ်ယောက်အနေနဲ့ ခရီးတစ်ဝက်ရောက်ပြီလို့သာ မှတ်လိုက်ပါတော့။
လန်းဆန်းအောင်ဂရုစိုက်ပါ
တစ်ကိုယ်လုံးလန်းဆန်းနေပါစေ။ သင့်ရဲ့ “Crush” ကို လက်ဆွဲနှုတ်ဆက်တဲ့အခါမှာလည်း လက်ဖဝါးမှာ ချွေးစီးတွေပြန်မနေအောင် ကြိုးစားပါ။ ရေပါတီအတွက်ကတော့ ရေစိုနေမယ့်အတွက် ကြောင့် ကိုယ်တွင်းအန့ံအသက်နဲ့ ချွေးထွက်တာတွေကို စိတ်ပူစရာသိပ်မရှိပေမယ့် ရိုးရိုးညပါတီပွဲတွေမှာ တွေ့မယ်ဆိုရင်တော့ ကရခုန်ရလို့ ချွေးနံ့နဲ့ကိုယ်တွင်းအနံ့ဆိုးတွေ သူမရအောင် အိတ်ဆောင် ရေမွှေးပုလင်းလေး ယူသွားတာပဲဖြစ်ဖြစ်၊ အနံ့မွှေးတဲ့ လိုးရှင်းဗူးလေး ဆောင်ထားတာပဲဖြစ်ဖြစ် တစ်ခုခုကြိုတင်ပြင်ဆင်ထားပါ။ တနေကုန်သောင်းကျန်းထားရလို့ နုံးချင်နေရင်လည်း အိမ်ရောက်မှသာ နုံးလိုက်ပါ။ အခုတော့ လန်းဆန်းအောင်နေပါ။ အဓိကတော့ သင်ဟာ သူ့အတွက် ဒိတ်ရတာ ပျင်းဖို့ကောင်းတဲ့မိန်းကလေးတစ်ဦးဖြစ်မသွားဖို့ အရေးကြီးပါတယ်။

အကြောင်းအရာကောင်းကို ရွေးချယ်ပါ
“Crush” နဲ့ စကားလက်ဆုံကျတဲ့အခြေအနေကို ရောက်နေပြီဆိုရင်တော့ တော်တော်လေးကို တိုးတက်နေပါပြီ။ ဒီအဆင့်ရောက်ရင် ဂရုစိုက်ရမှာက ဘာအကြောင်းတွေပြောမလဲဆိုတာပါပဲ။ သာမာန် Yes or No လောက်ပဲဖြေမယ့် စကားမျိုးတွေ မပြောမိဖို့ အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။ “ချိန်းထားတဲ့နေရာကို ကားနဲ့လာတာလား” တို့၊ “ဘယ်အချိန်ပြန်မှာလဲ” တို့ စတဲ့ ပျင်းဖို့ကောင်းပြီး ကိုးရိုးကားယားနိုင်တဲ့ စကားတွေကို ရှောင်ပေးရပါမယ်နော်။ အဓိကအားဖြင့် အချိန်အကြာကြီး စကားတွေဖောင်ဖွဲ့ပြောလို့ရမယ့် အကြောင်းအရာတွေ၊ သင့်ရဲ့ “Crush” စိတ်ဝင်စားတ အကြောင်းအရာတွေကို စကားလက်ဆုံကြနိုင်ဖို့ ကြိုတင်လေ့လာပြီး ပြင်ဆင်သွားဖို့ လိုပါလိမ့်မယ်နော်။
ဘော်ဒါတွေရဲ့ အကူအညီရယူပါ
ဒီအချက်က အရေးကြီးပါတယ်။ တစ်ချို့ မိန်းကလေးတွေက “Crush” နဲ့ ဒိတ်ပြီဆိုရင် သူငယ်ချင်းတွေပါလာမှာ ကြောက်ကြတယ်။ ကိုယ့်သူငယ်ချင်း၊ သူ့သူငယ်ချင်း ဘယ်သူ့ကိုမှ မပါလာစေချင်ဘူး။ ဒီအယူအဆတွေက မှားပါတယ်နော်။ တကယ်တော့ တစ်ချို့အခြေအနေတွေမှာ ဘော်ဒါသူငယ်ချင်းတွေ ဘေးမှာရှိတာက သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ပိုမိုနွေးထွေးစေပါတယ်။ သင့် ဘော်ဒါအရင်းကြီးတွေပါလာမယ်ဆိုရင်တော့ သင်တို့နှစ်ယောက်ကို မသိမသာနဲ့ သဘာဝကျကျလေး လှော်ပေးဖို့ အကူအညီတောင်းထားလို့ရမယ်ဆိုလည်း ပိုကောင်းပါတယ်။ အဓိကတော့ ပါတီပွဲလို နေရာတွေကို သွားမယ်ဆိုရင်တော့ နှစ်ယောက်တည်းသွားမယ့်အစား သူငယ်ချင်းတွေနဲ့ သွားတာက သင်ရှက်နေမယ်ဆိုရင်လည်း အရှက်နည်းနည်းပြေစေပြီး ရင်းနှီးမှုပိုမိုရစေနိုင် မှာပါ။

အစဉ်အဖြင့် ဆက်ဆံရေးရဖို့ ကြိုးစားပါ
ဒီအချက်ကို မမေ့ပါနဲ့။ မိန်းကလေးတွေ သင်တို့ “Crush” နဲ့ ဒိတ်ရလို့ ပျော်ပြီးတော့ပဲဖြစ်ဖြစ်၊ ရှက်ပြီးတော့ပဲဖြစ်ဖြစ် မေ့မသွားပါနဲ့နော်။ သင်တို့နှစ်ယောက် စဒိတ်တဲ့နေ့ဟာ သင်္ကြန်အကြိုနေ့ဆိုရင် တော့ ကျန်တဲ့ အကျ၊အကြတ်၊အတက်နေ့တွေမှာပါ အတူတူဆက်ကဲဖို့ ဒိတ်ယူခဲ့ပါ။ သင်တို့နှစ်ယောက်စလုံးအတွက် ဆက်ဆံရတာ အဆင်ပြေပြီဆိုရင်တော့ နှစ်တိုင်းကဲဖို့သာ ကြိုတင်ရက်ချိန်းယူလိုက်ပါတော့။ ဒါ့အပြင် ပွဲတော်ရက်အပြီး နောက်ရက်တွေမှာပါ အဆက်အသွယ်မပြတ်စေဖို့ဆိုရင် လှုပ်ရှားမှုတစ်ခုခုကို အတူတူလုပ်ဖို့ စည်းရုံးခဲ့ပါ။ စိတ်ပါဝင်စားတဲ့ သင်တန်းတစ်ခုခု အတူတူတတ် ဖို့ပဲဖြစ်ဖြစ်၊ ပရဟိတလုပ်ငန်းတစ်ခုခုကို အတူတူကုသိုလ်ယူဖို့ပဲဖြစ်ဖြစ် တိုင်ပင်ခဲ့ခြင်းအားဖြင့် မင်းတို့နှစ်ယောက်စလုံး ရေရှည်ဒိတ်ဖို့အဆင်ပြေစေမှာပါ။
“Crush” နဲ့ ရင်းနှီးဖို့ဒိတ်ကြတဲ့အခါ သင်တို့နှစ်ယောက် ဆက်ဆံရေးတည်ဆောက်တဲ့နေရာမှာ သင်္ကြန်ဆိုတာဟာ သာမာန်ပါတီနဲ့ပွဲတော်တွေထက် နွေးထွေးမှုရယူနိုင်တဲ့ပွဲတော်လည်းဖြစ်တဲ့ အပြင် လေးရက်တောင်ကဲရမှာဆိုတော့ သင့်ဘက်က ကြိုးစားရင်ကြိုးစားသလောက် အရာထင်နိုင်တဲ့အခွင့်အရေးဖြစ်တာကို ထပ်ဆောင်းပြီး လက်တို့ပေးချင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ပထမဆုံးဒိတ်ကြတဲ့ ရက်မှာတည်းက သင့် “Crush” ဟာ အခုပြောခဲ့တဲ့အချက်တွေနဲ့ သင့်ဘက်က ဘယ်လောက်ပဲကြိုးစားပါစေ သင်နဲ့တွဲဖို့ စိတ်ပါဝင်စားဟန်မပြဘူးဆိုရင်တော့ ဆွေးမနေပဲ မြန်မြန် သာ ဓဃမကျ့ဓ အသစ်ရှာဖွေလိုက်ဖို့ တိုက်တွန်းပါရစေ။ ဘာဖြစ်လို့လဲ ဆိုတော့ လူ့ဘဝက တိုတိုလေးဖြစ်တဲ့အတွက်ကြောင့် ပျော်ရွှင်မှုကိုရှာဖွေရင်း အချိန်ကုန်ဆုံးကြဖို့ပဲ လိုအပ်ပါတယ်။
Source : MODA
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။