သုံးလူ့ ထွတ်ထား မြတ်စွာဘုရားက မဟာသက္ကရာဇ် ၁ဝ၉ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ညနေပိုင်း သာဝတ္ထိပြည် သရက်ဖြူပင်အနီးတွင် တိတ္ထိတို့ကို နှိမ်နင်း တော်မူရန် ရေမီးအစုံစုံဖြင့် တန်ခိုးပြာဋိဟာ ပြတော်မူခဲ့ပါတယ်။ ထိုနေ့ တန်ခိုးပြဋိဟာ ပြတော်မူအပြီးတွင် မယ်တော်မိနတ်သားအား အဘိဓမ္မာတရားဟောတော် မူခြင်းဖြင့် ကျေးဇူးဆပ်ရန် တာဝတိံသာနတ်ပြည်သို့ ကြွတော် မူ၍ သတ္တမဝါကပ်တော်မူပါတယ်။

ဘုရားရှင်က သန္တုသိတမည်သော မယ်တော်နတ်သား အမှူးပြုသည့် နတ်ဗြဟ္မာတို့အား အဘိဓမ္မာတရား ဝါတွင်း သုံးလပတ်လုံး နေ့၊ ညမစဲ ဟော ကြားတော်မူခဲ့ပါတယ်။ ဘုရားရှင်၏ အဘိဓမ္မာတရားဟောတော် မူခြင်းက ဝါတွင်းသုံးလမြောက်သော သီတင်းကျွတ် လပြည့်နေ့မှသာ ပြီးဆုံးတော်မူပါတယ်။

သီတင်းကျွတ်လပြည့်နေ့တွင် မြတ်စွာဘုရားက သိကြားမင်း ဖန်ဆင်းသော ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းဟူသော စောင်းတန်းသုံးသွယ်အနက် အလယ်ဗဟိုတွင် ရှိသော ပတ္တမြားစောင်းတန်းဖြင့် သက်ဆင်း ကြွမြန်းတော်မူပြီး ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့် နတ်အပေါင်းက လက်ယာဘက် ရွှေစောင်းတန်းဖြင့် လည်းကောင်း၊ ဗြဟ္မာကြီးများက လက်ဝဲဘက်ငွေစောင်းတန်း ဖြင့်လည်းကောင်း လူ့ပြည်သို့ သက်ဆင်း လိုက်ပါခဲ့ကြပါတယ်။

ယင်းပူဇော်ပွဲကို အစွဲပြုကာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာအဖြစ် သီတင်းကျွတ်လပြည့်ညတွင် ဘုရား ရှင်က ိုရည်မှန်း၍ မီးရှူး၊ မီးပန်းများ၊ မီးပုံးများ၊ ဆီမီးရောင်စုံ များ၊ လျှပ်စစ်မီးလုံး၊ မီးဆိုင်း အသွယ်သွယ်ဖြင့် ပူဇော်မှု ပြုလာခဲ့ခြင်းဖြစ်ပါတယ်။ ထို့အတူ တာဝတိံသာ နတ်ပြည်ရှိ စူဠာမဏိစေတီတော်အား ရည်စူး၍ မီးပုံးပျံများ လွှတ်တင် ပူဇော်ကြပါတယ်။

သီတင်းကျွတ်လတွင် ကျရောက်သော အခါတော် နေ့မှာ ''အဘိဓမ္မာ အခါတော်နေ့'' ဖြစ်ပါတယ်။ အဘိဓမ္မာ တရားတော်မြတ်ကို မြတ်စွာ ဘုရားက ခြောက်ဝါ အလွန် ခုနစ်ဝါအရောက် သက်တော် ၄၂ နှစ် အရွယ် တွင် တာဝတိံသာနတ်ပြည်၌ မယ်တော် မိနတ်သား ကို ကျေးဇူးဆပ် လိုသော ရည်ရွယ်ချက်ဖြင့် ဟောကြားတော် မူခဲ့ပါတယ်။ ဝါတွင်းသုံးလ ရက်ပေါင်း ၉ဝ ကြာမျှ ဟောကြားတော် မူခဲ့ပြီး သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာ တရားဟောကြားပြီး ဆုံးသည်ကို ရည်စူး၍ အဘိဓမ္မာ အခါတော်နေ့ ဟု ကျင်းပခြင်းဖြစ်ပါတယ်။

ဝါလကင်းလွတ်သီတင်းကျွတ်တွင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများက သက်ကြီးဝါကြီးသူများ၊ ဘိုးဘွားမိဘ ဆရာသမားများနှင့်အထက် လူကြီးအကြီးအကဲများအား ပူဇော်ကန်တော့ပွဲများ ပြုလုပ်၍ ပူဇော် ကန်တော့ကြပါတယ်။ ထိုကဲ့သို့ ပူဇော်ကန်တော့ခြင်းက ဝန်ချတောင်းပန် သည့်သဘော၊ အပြစ်ကြီး၊ ငယ်ပပျောက် စေသည့်သဘောများ ပါဝင်နေတာကြောင့် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ ကောင်းတစ်ခုပင်ဖြစ်ပါတယ်။ ယနေ့ခေတ် လူငယ်များ သိရှိစေဖို့အတွက် ''ဝါလကင်းလွတ်သီတင်းကျွတ်'' သိမှတ်ဖွယ်ရာအဖြာဖြာကို ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ဦးစိန်လွင် (မင်းကင်း) MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။