ဆူးလေ စေတီတော်က ရန်ကုန်မြို့လယ်မှာ တည်ရှိပြီး မြို့တော်ခန်းမနှင့် မဟာဗန္ဓုလပန်းခြံ အနီးတွင် တည်ရှိပါတယ်။ ရွှေတိဂုံစေတီတော်ရဲ့ အရှေ့မြောက်ဘက် ၉၂၇၅ ပေ အကွာမှာ တည်ရှိပါတယ်။ ဆူးလေစေတီတော်၏ ဉာဏ်တော်မှာ ၁၄၄ ပေ၊ ၄ လက်မ ရှိပါတယ်။ ပန်းတင်ခုံ တစ်ထောင့်စီသည် ၂၄ ပေခန့် ရှည်ပြီး ရင်ပြင်တော်က ပေ ၂၀ ခန့် ကျယ်ပါတယ်။ ဆူးလေ စေတီတော်ပုံတော်မှာ တစ်မူထူးခြားပြီး အောက်ခြေမှ စ၍ ချယာသီ ပိန္နဲတိုင်သို့တိုင်အောင် ရှစ်မြှောင့်ထောင့်ချိုးများ ဖြစ်ပါတယ်။ မုခ်လေးမုခ်စလုံးတွင် မုခ်ဦးတန်ဆောင်များရှိပြီး အသစ်စိုက်ထူထားသော ဘုရားကျောက်စာတိုင်တစ်ခု၊ မဟာဗောဒိပင် ဆူးလေနတ်ကြီး ရုပ်တု ရှိပါတယ်။
ဆူးလေ စေတီကို သာသနာနှစ် ၂၃၅ ခုနှစ်က တည်ခဲ့ပြီး သီဟိုဠ်ကျွန်းမှ သျှင်ယသ၊ သျှင်သောဏ၊ သျှင်သုခိ အမှူးရှိသော ရဟန္တာကို ပင့်ဆောင်လာသော ဆံတော်နှင့် ဓာတ်တော်များကို သန်လျင်မင်း ဘောဂသေန အား ပေးခဲ့ပါတယ်။ ထို့နောက် ရဟန္တာ ရှစ်ပါးကြီးမှူးကာ ယင်းဆံတော် ဓာတ်တော်များဖြင့် ဆူးလေစေတီတော်အား တည်ထားကိုးကွယ်ခဲ့တာပဲ ဖြစ်ပါတယ်။
ရှေးဦးစွာ ဆံတော် ၆ ဆူနှင့် ဓာတ်တော်အချို့ကို ဌာပနာ၍ ကျိုက္ကဆံစေတီကို တည်ပြီးနောက် ရဟန်းတစ်ပါး ပျံလွန်တော်မူသဖြင့် သန်လျင်မင်းကြီး စိတ်အားလျော့ပြီးလျှင် ဆူးလေစေတီတည်ရန် ကိစ္စများကို အမတ်ကြီး အသုတ်အား တာဝန်လွှဲအပ်ခဲ့ပါတယ်။ ယင်းစေတီတော်ကို အသုတ်အမတ်ကြီး ဦးစီးတည်သဖြင့် “ကျိုက်အသုတ်ဘုရား” ဟု နာမည်တွင်စေခဲ့ပါတယ်။
နှစ်ပေါင်းများစွာကြာသော် ယင်းစေတီတော်အား ဆူးလေပင်များ ဖုံးအုပ်ကွယ်နေသဖြင့် ဆူးလေစေတီဟု ခေါ်ဝေါ်ခဲ့ကြပါတယ်။ အချို့ကမူ အသုတ်ဟူသော စကားသည် မွန်ဘာသာစကားဖြင့် ဆံတော်ဟု ဆိုလိုကြောင်း သိရပါတယ်။ ဆံတော်ကို ပါဠိဘာသာဖြင့် စူဠ ဟု ခေါ်တာကြောင့် စူဠစေတီမှာ ကာလေရွေ့လျားပြီးနောက် ဆူးလေစေတီတော် ဖြစ်လာသည်ဟုလည်း ဆိုကြပါတယ်။
အများစုကတော့ ဆူးလေ ဘုရားကို တကူးတက မဖူးမြော်ဖြစ်သော်လည်း မြို့ထဲသို့ သွားလျှင် ဆူးလေဘုရားအား အလွယ်တကူပင် မြင်ရတွေ့ရမြဲ ဖြစ်ပါသည်။ ဆူးလေ ဘိုးဘိုးကြီးထံတွင် ဆုတောင်းပါက ဆုတောင်းပြည့်သည်ဟုလည်း နာမည်ကြီးပါတယ်။ ဆူးလေစေတီတော်သည်လည်း နာမည်ကြီးစေတီတစ်ဆူဖြစ်ပြီး တန်ခိုးကြီးမားလှပါတယ်။
Credit: အံ့ဖွယ်ကိုးပါး (မင်းသော်တာ)
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။