
လူတိုင်းဟာ ထိခိုက်ဒဏ်ရာနဲ့မကင်းကြဘူးဆိုတာကတော့ ပြောနေစရာတောင်မလိုလောက် ပါဘူးနော်။ ဒီလိုထိခိုက်ဒဏ်ရာရလာရင်လည်း အနာကိုဆေးကြောတာ၊ဆေးထည့်တာ၊ ပလာစတာကပ်တာမျိုးတွေ လုပ်ရမယ်ဆိုတာကိုတော့ လူတိုင်းလိုလိုသိကြပါတယ်။ အနာကို ပလာစတာကပ်တယ်ဆိုတဲ့နေရာမှာလည် အနာအမျိုးအစားပေါ်လိုက်ပြီး ကပ်ရတဲ့ ပလာစတာတွေ မတူကြပါဘူး။ ဒီတစ်ခေါက်တော့ ဘယ်လိုထိခိုက် ဒဏ်ရာမျိုး ဆို ဘယ်ပလာစတာကို အသုံးပြုဖို့လိုမလဲဆိုတာနဲ့ ဘယ်လိုထိခိုက်ဒဏ်ရာမျိုးဆိုရင် ပတ်တီးစည်း သင့် လဲဆိုတာလေးတွေကို ပြည့်ပြည့်စုံစုံလေးပြောပြပေးမယ်နော်။
အနာပေါ်မှာ ပလာစတာကပ်တာ၊ ပတ်တီးစည်းတာတွေက အနာထဲကို ပိုးမဝင်အောင် ကာကွယ် ပေးတဲ့အပြင် အနာကြောင့်ဖြစ်တဲ့ မလိုလားအပ်တဲ့နောက်ဆက်တွြဲပဿနာတွေကို လည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။ အနာကျက်အောင်လည်း အထောက်အပံ့ပေး ပါသေးတယ်။

ပလာစတာဆိုတာ
ပလာစတာ၊ ပတ်တီးဆိုတာက ထိခိုက်ဒဏ်ရာထဲကို ပြင်ပက ဖုန်မှုန့်တွေ၊အညစ်အကြေး တွေနဲ့ ဘက်တီးရီးယားတွေမဝင်ရောက်အောင်ကာကွယ်ပေးတဲ့အရာတွေပါ။ ပတ်တီးတွေ ကတော့ ထိခိုက်မိထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ လှုပ်ရှားမှုကို ထိန်းညှိ ပေးတဲ့အရာမျိုးပါ။ ပလာစတာတွေ၊ ပတ်တီးတွေကို ထိခိုက်ဒဏ်ရာတွေအပေါ်မှာ တိုက်ရိုက်အသုံးပြုပေးလို့ရပါတယ်။ ဆွဲဆန့်နိုင်တဲ့ ပတ်တီးတွေကိုတော့ အဆစ်တွေထိခိုက် မိတဲ့အခါ ရောင်ရမ်းမှုလျော့ကျစေဖို့သုံးလို့ရပါတယ်။ ပတ်တီးတွေကို အနာသွေးတိတ် အောင် အနာပေါ်ကို ခပ်ဖွဖွလေးဖိထားတဲ့အခါမျိုးမှာလည်း သုံးလို့ရပါသေးတယ်။ ပလာစတာတွေကိုလည်း ထိခိုက်မိတဲ့နေရာကိုလိုက်ပြီး အသုံးပြုရတာချင်းမတူပါဘူး။

အနာကပ် ပလာစတာ
– အသေးစားထိခိုက်ဒဏ်ရာရတာမျိုးအတွက်ကတော့ ရိုးရိုးအနာကပ်ပလာစတာနဲ့ တင်လုံ လောက်ပါတယ်။ တွေ့နေကျ ပလာစတာမျိုးပါပဲ။ ဖယောင်းစက္ကူလေးခွာပြီး သန့်စင်ထားတဲ့ ထိခိုက်ဒဏ်ရာပေါ်မှာ ကပ်လိုက်ရုံပါ။

လက်ချောင်း ခြေချောင်းလေးတွေမှာ ဖြစ်တဲ့ အနာတရတွေအတွက် H ပုံစံ knuckle bandage
– လက်ချောင်း၊ခြေချောင်းလေးတွေမှာ ထိခိုက်ဒဏ်ရာရသွားတဲ့အခါ ကွေးလို့ဆန့်လို့လွယ်အောင်လုပ်ပေးထားတဲ့ ပလာစတာတစ်မျိုးပါ။ အင်္ဂလိပ်အက္ခရာ H ပုံစံလေးပါ။ ဒဏ်ရာပေါ်မှာ ပုံစံတကျဖြစ်နေစေမယ့် ပလာစတာတစ်မျိုးပါ။ ပလာစတာကပ်ထားလို့ အကွေးအဆန့်လုပ်ရခက်မှာကိုလည်း ပူစရာမလိုပါဘူး။

ပြတ်ရှဒဏ်ရာနဲ့ ဓားရှမိတဲ့ ဒဏ်ရာတွေအတွက် လိပ်ပြာပုံစံ ပလာစတာ
– ဒီပလာစတာမျိုးကို ပြတ်ရှဒဏ်ရာဖြစ်တဲ့အခါ အရေပြားချင်းပြန်ဆက်စေဖို့ အသုံးပြုကြ ပါတယ်။ သွေးတွေကို စုပ်ယူပေးတာမျိုးမရှိသလို အနာထဲကို ပိုးမဝင်အောင်လည်း အကာ အကွယ်မပေးနိုင်ပါဘူး။ ကော်မပါတဲ့ ပလာစတာအလယ်ပိုင်းကို ဒဏ်ရာပေါ် တည့်တည့် ထားပြီး ဒဏ်ရာပေါ်ကို ကန့်လန့်ဖြတ်ပြီးကပ်ရမှာဖြစ်ပါတယ်။ ဒီပလာစတာသုံးမယ်ဆိုရင် အပေါ်က ပတ်တီးစသန့်သန့်လေးကို စက္က္ကူတိတ်နဲ့ အနည်းဆုံး ၂၄ နာရီကပ် ထားပေး ရပါမယ်။ ပိုးမဝင်အောင်ကာကွယ်တဲ့သဘောပါ။

အပူလောင်နာတွေအတွက် ပိတ်ပတ်တီးနဲ့ adhesive tape
– အသေးစားအပူလောင်ဒဏ်ရာမျိုးရခဲ့မယ်ဆိုရင် နေအိမ်မှာပဲ ပိတ်နဲ့လုပ် ထားတဲ့ပတ်တီး ၊adhesive tape တွေကိုသုံးပြီးအနာကို ထိန်းသိမ်းပေးလို့ရပါတယ်။ ပိုးသတ်ထားတဲ့ ပိတ်ပတ် တီးစကို သန့်စင်ထားတဲ့ အပူလောင်ဒဏ်ရာပေါ်ကို ခပ်ဖွဖွလေးအုပ်ပေးပြီး အပေါ်ကနေ adhesive tape ကိုထပ်ပတ်ပေးလိုက်ပါ။

ဆီပူလောင်၊ ရေနွေးပူလောင်ဒဏ်ရာတွေအတွက်moleskin type bandage
– ဆီပူ၊ရေနွေးပူလောင်တာကြောင့် ဖြစ်တဲ့ရေကြည်ဖုတွေပေါက်ထွက်တာမျိုးမဖြစ် အောင် ကာကွယ်ပေးပါတယ်။ အလယ်မှာ အဝိုင်းပုံစံလေးပါပြီး အဝိုင်းရာတည့်တည့်လေးမှာ အပူ လောင်ဖုကိုထားပြီးကပ်ရမှာပါ။ အပူလောင်တာကြောင့်ဖြစ်တဲ့ရေကြည်ဖုကို မတေ်ာတဆ ပွတ်မိတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒီပလာစတာက အနာပိုးမဝင်အောင်မ ကာကွယ်ပေးနိုင်တာကြောင့် အပေါ်ကနေ ပုံမှန်ကပ်နေကျ ပလာစတာတစ်ခု ထပ်ကပ်ပေး ထားဖို့တော့လိုပါမယ်။ပြင်းထန်တဲ့ဒဏ်ရာတွေအတွက် ပတ်တီးသုံးမယ်။

pressure bandage
ပြင်းထန်တဲ့ ပြတ်ရှဒဏ်ရာတွေ ထိခိုက်ဒဏ်ရာတွေအတွက် အသင့်တော်ဆုံးကတော့ pressure bandage ပါပဲ။ ဒီပတ်တီးမှာ အနာပေါ်ကို အုပ်ထားပေးရမယ့်အပိုင်းနဲ့ ပတ်တီးစည်းလို့လွယ်အောင်လုပ်ထားပေးတဲ့ အပိုင်းလည်းပါဝင်ပါတယ်။ ဒဏ်ရာကြီးတွေက ပိုးမဝင်စေအောင်ကာကွယ်ပေးပြီး အနာကျက်အောင်လည်း အထောက်အပံ့ပေးပါတယ်။ ဒဏ်ရာကနေ သွေးအရမ်းမထွက်စေဖို့အတွက် အသင့်တော်ဆုံးပါ။

triangle bandage
– အရိုးကျိုးသွားတဲ့အခါ နေသားတကျ အရိုးပြန်ဆက်စေဖို့ နဲ့ အဆစ်လွဲသွားတာ မျိုးတွေ အတွက်အသုံးပြုပေးနိုင်တဲ့ ပတ်တီးတစ်မျိုးပါ။ တြိဂံပုံစံခေါက်လို့ရတဲ့ ပတ်တီးမျိုးပါ။ လည်ပင်းမှာသိုင်းပြီး ထိခိုက်မိထားတဲ့ လက်ကို ပတ်တီးသိုင်းထားတဲ့အထဲမှာထည့်ရ မှာပါ။ အရိုးတွေကို နေသားတကျဖြစ်စေဖို့ အထောက်အပံ့ပေးပါတယ်။

gauze roll
– second degree burn တွေအတွက်အသုံးပြုလို့ရပါတယ်။ second degree burn ပေါ်မှာ ပတ်တီးစလေးကိုအုပ်ပေးပါ။ နာကျင်နီရဲရောင်ရမ်းနေတဲ့ အနာပေါ်မှာ ပိတ်သားပတ်တီးစ လေးကိုအုပ်ပေးပြီး အပေါ်ကနေ gauze roll ကိုအသုံးပြုပေးရပါမယ်။ gauze roll က သွေးလည်ပတ်မှုကို ပြတ်တောက်စေတာမျိုးမရှိသလို အနာပိုးဝင်စေတာမျိုးမဖြစ် အောင် လည်း ကာကွယ်ပေးပါတယ်။ အနာကို နာကျင်ရောင်ရမ်းတာမျိုးမဖြစ်အောင်နဲ့ အနာကျက် အောင်ပါအထောက်အပံ့ပေးပါသေးတယ်။

tensor bandage
– နက်လွန်းတဲ့ ပြတ်ရှဒဏ်ရာတွေ နဲ့ အကြီးစားမတော်တဆထိခိုက်မှုတွေအတွက် အသုံးပြုရတဲ့ ပတ်တီးမျိုးပါ။ ထူထဲပြီး ကျုံ့နိုင်ဆန့်နိုင်တာကြောင့် သွေးထွက်များတာမျိုးအတွက် အသုံးဝင်တဲ့ ပတ်တီးမျိုးပါ။ ဒဏ်ရာအရမ်းနက်ပြီး သွေးတအားထွက်နေတဲ့အခါမျိုးမှာ အနာပေါ်ကို ပိတ်သားပတ်တီးစလေးအုပ်ပေးပြီး အပေါ်က tensor bandage အသုံးပြုပေးရ ပါမယ်။ ပြီးရင်တော့ ဒဏ်ရာရ ထားတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းကို နှလုံး အထက်နား ထိ ရောက်အောင်မြှောက်ထားပေးရပါမယ်။ သွေးထွက်နည်းသွားစေဖို့ အတွက်ပါ။ သွေးတိတ် စေဖို့ အတွက်လည်း tensor bandage ကလုပ်ဆောင်ပေးပါတယ်။
အခုလောက်ဆိုရင် ဒဏ်ရာအနေအထား၊ ထိခိုက်မိတဲ့နေရာပေါ်မှာလိုက်ပြီး ပလာစတာ တွေ၊ပတ်တီးတွေကို အသုံးပြုရတာချင်းမတူဘူးဆိုတာကို သိလောက်ပြီထင်ပါတယ် ။
Dr. Thurein Hlaing Win.
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။