အိမ်မှာ မိသားစုတွေ စုံတုန်း ဖြစ်ဖြစ်၊ ချစ်သူ ခင်သူတွေကို ချက်ကျွေးချင်လို့ဖြစ်ဖြစ် လူကြိုက်များပြီး ချက်စားရလွယ်ကူတဲ့ အရာလေးကတော့ ကြာဇံချက်ပါပဲ။ လူတိုင်းကြိုက်နှစ်သက်နိုင်ပြီး သရေစာ အဖြစ် စားသုံးကြတဲ့ အစားအစာ ဖြစ်တာကြောင့် နေ့လည်နေ့ခင်းမှာဖြစ်စေ၊ ညနေစောင်းဖြစ်စေ စားလေ့ရှိကြပါတယ်။
ကဲ… ဒါဆိုရင် ကြာဇံချက် ချက်နည်းလေးကို စပြောမယ်နော် ။
ပါဝင်ပစ္စည်းတွေကတော့ ….
- ပဲကြာဇံ (၂၅ ကျပ်သား)
- ကြက်သား/ ကြက်ရိုး (၃၀ ကျပ်သားခန့်)
- ကြက်သွန်နီ (အသေး) (၁၀ ကျပ်သားခန့်)
- ကြက်သွန်ဖြူ နှင့် ဂျင်း အနည်းငယ်
- အသားတု အနညးငယ်
- မှိုခြောက် (ကြွက်နားရွက်မှို၊ အဖိုးကြီးနားရွက်)
- ပန်းခြောက် နှင့် ပန်းလိပ်
- ငုံးဥ (လိုသလောက်ထည့်ပါ)
- မြန်မာနံနံပင် အနည်းငယ်
- ငါးဖယ်ခြစ် (၁၀ ကျပ်သား)
- ငရုတ်ကောင်း (အမှုန့်ထက် အစေ့ကို ထောင်းထားလျှင် ပိုကောင်းပါသည်)
- ငရုတ်သီး အရောင်တင်မှုန့် အနည်းငယ်
- ငံပြာရည်ကောင်းကောင်း အနည်းငယ်
- ငရုတ်သီး အကြပ်မှုန့်
- သံပရာသီး
ပြုလုပ်ပုံအဆင့်ဆင့်
- မှိုခြောက်ကို မချက်ခင် သဲစင်အောင် ဆေးပြီး ရေစိမ်ထားပါ။ သဲတရှပ်ရှပ် မဖြစ်စေရန်အတွက် အထူးဂရုစိုက်ပါ။ ပဲကြာဇံ၊ မှိုခြောက်ပန်းခြောက်၊ ပဲလိပ်နှင့် အသားတုတို့ကို ရေစိမ်ထားပါ။
- ငုံးဥတို့ ကြက်ဥတို့ ထည့်မည်ဆိုလျှင် ပြုတ်ပြီး အခွံနွှာထားပါ။
- ငါးဖယ်ခြစ်ကို ဆား၊ ကြက်သားမှုန့် နယ်ပြီးနောက် လက်နှစ်ဆစ်ခန့် အတုံးလေးတွေ ပြုလုပ်ပြီး ကြော်ထားပါ။
- ထို့နောက် ကြက်သားကို အရသာဝင်အောင် ဆား၊ ကြက်သားမှုန့် နယ်ပြီး ပြုတ်ပါ။ ကြက်ရိုးနည်းနည်း နူးရင် ဆယ်ပြီး အသားနွှင်ထားပါ။
- ကြက်သွန်ဖြူ/နီ ၊ ဂျင်း၊ နနွင်းမှုန့်နဲ့ အရောင်တင်မှုန့်တို့ကို ဆီသတ်ပါ။ ပြီးရင် နွှင်ထားတဲ့ ကြက်သားတွေပါ ထည့်ပြီး မွှေပါ။
- အသားပြုတ်ရည်ကို ဆူအောင် တည်ပြီးနောက် ကြက်သားဆီသတ်၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲလိပ်၊ ငုံးဥတို့ ရောထည့်ပြီး ခဏထားပါ။
- အားလုံး ဆူပွက်လာလျှင် ပဲကြာဇံထည့်ပါ။ အရသာ မြည်းပြီး လိုအပ်ရင် ငံပြာရည်နဲ့ ဟင်းခတ်မှုန့် ထည့်ပါ။
ချက်ချင်း မစားသေးဘူးဆိုရင်တော့ ကြာဇံထည့်ပြီးပြီးချင်း မီးပိတ်လိုက်ပါ။ စားခါနီး ပြန်နွှေးသည့်အခါတွင် ကြာဇံ အနေတော် ဖြစ်နေပါလိမ့်မယ်။
စားတဲ့ အခါမှာတော့ သံပုရာသီးလေး ညှစ်၊ ငရုတ်သီးမှုန့်လေး အနည်းငယ်ထည့်၊ နံနံပင်လေး အုပ်ပြီးနောက် စားလိုက်ရင်ဖြင့် အလွန်မြိန်စေမယ့် ကြာဇံချက်ရဲ့ အရသာကို ရရှိမှာဖြစ်ပါတယ်။ တစ်ချို့တွေကတော့ ကြက်သွန်နီကို ပါးပါးလှီးထားပြီး ထပ်ထည့် စားကြပါတယ်။ ခုနက ကြော်ထားတဲ့ ငါးဖယ်လေးကို ပါးပါးညှပ်ထည့်ပြီး စားမယ်ဆိုရင်ဖြင့် ပိုပြီး အရသာရှိမှာ ဖြစ်ပါတယ်။
ကိုယ်တိုင်လုပ်စားချင်လို့ပဲဖြစ်ဖြစ်၊ တခြားသူတွေကို ချက်ကျွေးချင်တာပဲဖြစ်ဖြစ် ကြာဇံချက် က တကယ့်ကို လွယ်ကူပြီး အရသာရှိလှတဲ့ အဆာပြေ ဟင်းတစ်ခွက်ဆိုလည်း မမှားပါဘူး။
ကိုးကား - စားကြမယ် ချက်ကြမယ်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။