အုန်းနို့ခေါက်ဆွဲ တို့ နို့စိမ်း ခေါက်ဆွဲတို့ ဆိုတာ လူသိများပြီး အစာပြေ စားကြတဲ့ မုန့် တစ်မျိုးပါပဲ။ အုန်းနို့ က သွေးတိုးရှိတဲ့သူတွေ အပါအဝင် မတည့်တဲ့သူ များတာမို့ နို့စိမ်းခေါက်ဆွဲ ချက်နည်းကို ရွေးချယ် တင်ဆက်ပေးချင်ပါတယ်။ ဒီနေ့လို ရုံးပိတ်ရက်တွေမှာဖြစ်ဖြစ်၊ အလှူ လုပ်ချင်လို့ပဲဖြစ်ဖြစ်၊ စီးပွားဖြစ် ရောင်းချချင်လို့ဖြစ်ဖြစ်၊ ချစ်သူ ခင်သူတွေကို ချက်ကျွေးချင်လို့ပဲဖြစ်ဖြစ် နို့စိမ်းခေါက်ဆွဲကို အရသာ ကောင်းကောင်း ချက်ပြုတ်နိုင်ရန် အတွက် ရည်ရွယ်လိုက်ပါတယ်။

လိုအပ်သောပစ္စည်းများ
- ခေါက်ဆွဲ ၁ပိသာ
- နို့စိမ်းတစ်ဘူး
- ကြက်သား ၂၀သား ရေဆေးအတုံး သေးသေးတုံးပါ
- ဘဲဥ၅လုံး ပြုတ်ပါခွံနွှာပါ
- ကြက်ရိုး(တောင်ပံ ခြေထောက်) ၃၀သား
- ပဲပြား ၂တုံး (ရေဆေးပြီး အတုံးသေးသေးလေးတုံးပါ)
- မွှေး ပဲစိမ်းမှုန့် ၂၅၀ကျပ်တန် ၁ထုပ် (ရေနှင့်ပြစ်ပြစ်လေးဖြစ်အောင် ဖျော်ထားပါ)
- ကြက်သွန်ဖြူ ၂တက် (အခွံနွှာပြီး ညက်ညက်ထောင်းပါ)
- ဂျင်း လက်နှစ်ဆစ် (အခွံနွှာ ညက်ညက်ထောင်းပါ)
- ကြက်သွန်နီ ဥကြီး ၄လုံး (ပါးပါးလှီးပါ)
- ကြက်သွန်နီ ဥသေး ၁၅ လုံး (အခွံနွှာထားပါ)

ချက်နည်း အဆင့်ဆင့်
၁. ကြက်ရိုးကို ငံပြာရည်အချိုရည်အနည်းငယ် ဟင်းခတ်မှုန့်အနည်းငယ် သကြားဟင်းခတ်ဇွန်းတစ်ဇွန်း အိုးထဲထည့်၍ တည်ထားပါ
၂. ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း တို့ကိုဆီသပ်ပါ။ နနွင်းမှုန့်အနည်းငယ်နှင့် ငြုပ်စိမ်းမှုန့်အနည်းငယ်ထည့်ပါ။
၃. မွှေးနီလာပါက တုံးထားသောကြက်သားနှင့် ပဲပြားထည့်၍ ကြော်ထားပါ
၄. ကြက်ရိုးပြုတ်အိုးဆူလာပါက ပဲစိမ်း ဖျော်ရည်ကိုနှံ့အောင်ပြန်မွှေ၍ ကြက်ပြုတ်ရည်ထဲထည့်ပါ မကြာခဏ ဆူလာသည်အထိမွှေပေးပါ
၅. ပဲစိမ်းရည်ဆူလာပါက ကြက်သားဆီသပ်ကို ဆီစစ်ပြီးထည့်ပါ။ နို့စိမ်းဘူးဖေါက်ထည့်ပါ။
၆့ ကြက်သွန်နီ ဥ သေးလေးများကို အလုံးလိုက်ထည့်ပါ
၇. ပဲသွေးကြိုက်ပါက ရေဆေးပြီးတုံး၍ထည့်ပါ
၈. ဘဲဥပြုတ်၅လုံး ပါးပါးလှီးထည့်ပါ
၉. နောက်ဆုံးမှာတော့ အရသာ အပေါ့အငန်မြည်း၍ ဆားနှင့်ဟင်းခတ်မှုန့်ကိုသာ ချိန်ဆထည့်ပါ။ (ငံပြာရည် သိပ်မထည့်မိဖို့ကိုတော့ အကြံပေးချင်ပါတယ်။)

အခုဆိုရင်တော့ ဟင်းအိုး ပွက်ပွက်ဆူပြီး ကြက်သွန်ဥလေးများနူးဖို့ပဲ စောင့်စရာ လိုပါတော့တယ်။ အဲ့ဒီနောက်မှာတော့ ခေါက်ဆွဲနှင့် တွဲဖက်၍စားသုံးနိုင်ပါပြီရှင့်။ မုန်ကြွပ်ကြိုက်လျှင်မုန်ကြွပ်ကြော်နှင့် ကြက်သွန်
စိမ်း၊ သံပရာသီးစိပ်၊ ငါးဖယ်ကြော်၊ ပဲကြော် စတာတွေနဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။
အားလုံးပဲ အရသာရှိတဲ့ နို့စိမ်းခေါက်ဆွဲလေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်ခြင်းမေတ္တာတွေ တိုးပွားပြီး စားသုံးနိုင်ကြပါစေရှင် ..
သတင်းအရင်းအမြစ်: Shan Kha

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။