တရုတ်ရေသမင် ဟာ Cervidae မျိုးရိုးမှ အာရှသမင်ငယ်များဖြစ်ပြီး ကိုရီးယားနိုင်ငံရှိ မြေသြဇာကောင်းတဲ့ မြစ်အောက်ခြေများနဲ့ တရုတ်နိုင်ငံရှိ Yangtze မြစ် (Chang Jiang) ချိုင့်ဝှမ်းတို့မှာနေထိုင်ကြပါတယ်။ သမင်ချိုမရှိတဲ့ သမင်မျိုးစိတ်ဖြစ်ပြီး ချိုမရှိတဲ့ သမင်ဆိုလို့ သူတို့ပဲ ရှိပါတယ်။ အဲ့ဒီအစားသူတို့ဟာ ရှည်လျားပြီး ကွေးညွှတ်နေတဲ့ အထက်စွယ်သွားများ ရှိပါတယ်။ ဒီသွားတွေဟာ ချွန်ထက်ပြီး သူတို့ရဲ့ ပါးစပ်ကနေထွက်နေတာကြောင့် သွေးစုပ်ဖုတ်ကောင်နဲ့ တူပါတယ်။

ဒီအစွယ်များဟာ အရှည် 5 စင်တီမီတာ (2 လက်မ) ကျော်နိုင်ပါတယ်။ ရေသမင်ဟာ ခြေစွယ်ငုပ်ဂလင်းရှိတဲ့ တစ်မျိုးတည်းသောသမင်လည်းဖြစ်ပါတယ်။ ရေသမင်များဟာ မျိုးတုံးပျောက်ကွယ်သွားတဲ့ ရှေးဦးသမင်တွေနဲ့ ဆင်တူပေမယ့်လည်း သူတို့ဟာ ပျောက်ကွယ်သွားပြီးဖြစ်တဲ့ ချိုရှိတဲ့သမင်တွေကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အထီးတွေဟာ ၅၀ စင်တီမီတာ (၂၀ လက်မ) ခန့်မြင့်ပြီး ကိုယ်အလေးချိန် ၁၃ ကီလိုဂရမ် (၂၉ ပေါင်) အထိရှိပါတယ်။ အမတွေကတော့ 11 ကီလိုဂရမ် (24 ပေါင်) အထိရှိပါတယ်။

သားကောင်တွေကို ရှောင်ရှားဖို့ ရေသမင်ဟာ ပုန်းအောင်းနေပြီး ယုန်တွေလိုမျိုး လျင်မြန်စွာ ခုန်ပေါက် ပြေးနိုင်ကြပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အထီးတွေဟာ သူတို့နယ်မြေကို ကာကွယ်ဖို့အတွက် အစွယ်တွေကို အသုံးပြုတယ်လို့ သိရှိရပါတယ်။ ရေသမင်များဟာ မြစ်အောက်ခြေတစ်လျှောက်မှာ ပေါက်ရောက်တဲ့ စိမ်းလန်းစိုပြေတဲ့ အပင်များကို နှစ်သက်ကြပါတယ်။ အဲ့ဒီနေရာမှာ သူတို့ဟာ အကာအကွယ်နဲ့ စားသုံးနိုင်ပြီး မျှင်ကြမ်းမြက်များကို အံ့သြလောက်အောင် များပြားစွာ စားကြပါတယ်။

မျိုးပွားရာသီဟာ နိုဝင်ဘာလအစောပိုင်းမှ ဖေဖော်ဝါရီလအထိဖြစ်ပြီး သားပေါက်ရာသီဟာ ဧပြီလနှောင်းပိုင်းမှ ဇွန်လအထိဖြစ်ပါတယ်။ ရေသမင်တွေဟာ တစ်ကြိမ်ကို အကောင်ငယ်အများအပြား မွေးပါတယ်။ မွေးကင်းစသမင်ငယ်တွေဟာ ကိုယ်အလေးချိန် ၁ ကီလိုဂရမ် (၂ ပေါင်) အောက်သာရှိကြပါတယ်။ သူတို့ဟာ လျင်မြန်စွာ ပုန်းနိုင်ကြပြီး ခဏလေးအတွင်းမှာ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားနိုင်ပါတယ်။

သတင်းအရင်းမြစ်: Britannica

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။