ကျနော်တို့ ငယ်ငယ်ကဆို ပေးပြီးသားပစ္စည်း ပြန်ယူရင် မျက်စိစွံတတ်တယ် လို့အယူရှိကြဖူးပါတယ်။ အချို့ကလည်း အပူများလို့မျက်စိစွံတာဆိုပြီး ပြောကြပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကျနော်တို့အားလုံး တသက်မှာ တခါမကတော့ မျက်စိစွံကြဖူးမှာပါ။ အဲ့တော့ ကျနော်က မျက်စိစွံတာဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကုသရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

မျက်စိစွံတယ်ဆိုတာ မျက်တောင်မွှေးအောက်နား မျက်ခမ်းစပ်မှာ ရောင်းရမ်းနေတဲ့ ၀က်ခြံလို ပြည်တွေစုနေတဲ့ အဖုကြီးကြောင့်ဖြစ်ပါတယ်။ မျက်စိစွံတာက မျက်လုံးရဲ့ အပြင်ဖက်မှာ ဖြစ်တာနဲ့ မျက်လုံးအတွင်းပိုင်းမှာ ဖြစ်တာဆိုပြီး ၂ မျိုးရှိပါတယ်။ အပြင်ဖက်မှာ ဖြစ်တာကတော့ ခုနကပြောတဲ့ မျက်ခမ်းစပ်မှာ ရောင်ရမ်းနေတဲ့ ပြည်ဖုကြီးကြောင့်ဖြစ်ပါတယ်။ အတွင်းဖက်မှာဖြစ်တဲ့ မျက်စိစွံတာကတော့ မျက်လုံးအတွင်းဖက်မှာ မျက်လုံးကိုစိုအောင် လုပ်ပေးနေတဲ့ ဂလင်းထဲ ဘတ်တီးရီးယားပိုး၀င်တာကြောင့်ဖြစ်တာပါ။ မျက်လုံးအပြင်မှာဖြစ်တဲ့ မျက်စိစွံတာက ပိုအဖြစ်များပါတယ်။

မျက်စိစွံရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ မျက်လုံးကိုမသန့်ရှင်းတဲ့ လက်တွေ၊ အ၀တ်တွေနဲ့ ပွတ်မိလို့ပါ။ မျက်လုံးကို လက်နဲ့ ပွတ်မိတာကနေ မျက်လုံးရဲ့နုနယ်တဲ့ အတွင်းသားတွေ ပွန်းပဲ့သွားပြီး ဘတ်တီးရီးယားပိုး ၀င်ရောက်တာကြောင့် ဖြစ်ပါတယ်။ မျက်စိစစွံပြီ ဆိုရင်တော့ မျက်ခွံ၊ မျက်ခမ်းစပ် နေရာမှာ ယောင်ယမ်းလာပါတယ်၊ ပြီးရင် ပြည်ဖုလိုအဖုလေးဖြစ်လာပြီး မျက်လုံးမှာ ခိုးလိုးခုလု ခံစားရနိုင်ပြီး၊ ပြည်ဖုလေးကနီရဲပြီး ကြီးလာပါမယ်။ အဲ့ဒီလက္ခဏာတွေ ခံစားရပြီဆိုရင်တော့ မျက်စိစွံနေပြီဆိုတာ သိနိုင်ပါတယ်။ ပုံမှန်အားဖြင့် မျက်စိစွံတာဟာ ကျန်းမာရေး ကိုဆိုးဆိုးရွားရွား ထိခိုက်စေတာမရှိဘဲ အများဆုံးတပတ်အတွင်း ပြည်ဖုဟာ သူ့အလိုလိုပေါက်သွားပြီး သက်သာသွားနိုင်ပါတယ်။

ဒါပေမယ့်တခါတရံမှာတော့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကအားမကောင်းတာ၊ မသန့်ရှင်းတဲ့လက်တွေနဲ့ ကိုင်မိတာ ဆိုရင်တော့ မျက်စိစွံတာက ပိုဆိုးသွားနိုင်ပြီး မျက်လုံး ၁ လုံးကနေ၊ ၂ လုံးစလုံး ကူးစက်သွားနိုင်ပါတယ်။ ကုသနိုင်တဲ့‌ နည်းလမ်းတွေအနေနဲ့ ပြည်ဖုဟာ သူ့အလိုလိုပေါက်ပြီး သက်သာသွားနိုင်‌မို့ မျက်လုံးကို ဘာမှမလုပ်ပဲ စောင့်ကြည့်တာအကောင်းဆုံးပါ။ ပြည်ဖုကို ကိုယ့်ဖာသာ ဖောက်တာ၊ မသန့်ရှင်းတဲ့ လက်တွေ၊ အ၀တ်တွေနဲ့ ပွတ်တာတွေ လုံး၀မလုပ်သင့်ပါဘူး။ နောက်တခုကတော့ အ၀တ်နွေးနွေးလေးနဲ့ ကပ်ပေးတာဖြစ်ပါတယ်။ လက်ကို သေချာသန့်ရှင်းအောင် ဆေးပြီး အ၀တ်သန့်သန့်ကို ရေခပ်နွေးနွေးလေးထဲစိမ်ပြီး မျက်စိစွံတဲ့ နေရာမှာ ဖိကပ်ထားပေးလို့ရပါတယ်။ ခုနကပြောသလိုပဲ မျက်စိစွံတာဟာ သူ့အလိုလိုသက်သာသွားနိုင်တာကြောင့် တော်တော်ကြာတဲ့အထိမသက်သာတာ၊

ပြည်ဖုက ပိုကြီးလာတာမျိုးဆိုရင် ဆရာ၀န်ဆီသွားပြပြီး ဆရာ၀န်ညွှန်ကြားတဲ့အတိုင်း လုပ်သင့်ပါတယ်။ မျက်စိစွံတာဟာ ဘတ်တီးရီးယားပိုးကြောင့်ဖြစ်တာဖြစ်လို့ ကူးစက်နိုင်ပါတယ်။ ကိုယ့်နဲ့အနီးကပ်နေတဲ့လူတွေ၊ ကိုယ့်မိသားစုတွေကို ကူးစက်နိုင်တာကြောင့် ကိုယ်သုံးတဲ့ မျက်နှာသုတ်ပဝါကို တကိုယ်ရည်သီးသန့်သုံးတာ၊ တအိပ်ရာထဲအတူ မအိပ်ဘဲအိပ်ရာခွဲအိပ်တာ၊ မျက်လုံးကို မထိဘဲရှောင်ကျဉ်တာ၊ ထိမိရင်လည်း လက်ကိုဆပ်ပြာနဲ့ပြောင်နေအောင် ဆေးတာမျိုးလုပ်သင့်ပါတယ်။ မျက်စိစွံတာကို ကာကွယ်ချင်ရင်တော့ မျက်လုံးကို ခဏခဏလက်နဲ့ပွတ်တာတွေ ရှောင်ကြဉ်သင့်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။