ဆီးရီးယားမှာ အမေရိကန်ရေတပ်တစ်ဖွဲ့ဟာ ရုရှားလက်နက်ပွဲစားတွေပြန်ပေးဆွဲထားတဲ့ စီအိုင်အေလူတစ်ယောက်ကို ပြန်လည်ကယ်ဆယ်ခဲ့ပြီး အဆောက်အဦးကြီးတစ်ခုလုံးကိုတော့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့အဲ့အဖွဲ့ကိုဦးဆောင်ခဲ့တဲ့ ဗိုလ်ကြီးဂျွန်ကယ်လီတို့ဟာ မစ်ရှင်အသေးစိတ်ကို သေချာမသိခဲ့ရပဲ စီအိုင်အေက ရောဘတ်ရစ်တာဆိုသူတစ်ယောက်ခိုင်းတဲ့အတိုင်းပဲ လိုက်လုပ်ခဲ့ရတာကြောင့် သူတို့တစ်ဖွဲ့လုံးဟာ ရစ်တာကို သိပ်မကြည်ကြတော့ပါဘူး။

နောက်ပိုင်းဂျွန်ကယ်လီလည်း အိမ်ပြန်ရောက်ပြီး ကိုယ်ဝန်သည်ဇနီးနဲ့အတူ အေးအေးဆေးဆေးနေနေချိန်မှာ အဲ့ဒီမစ်ရှင်မှာပါဝင်ခဲ့တဲ့ ဂျွန်ကယ်လီရဲ့အဖွဲ့သားတွေဟာ တစ်ယောက်ပြီးတစ်ယောက် ရုရှားတွေရဲ့လုပ်ကြံခြင်းကိုခံခဲ့ရပါတယ်။စီအိုင်အေက တခြားတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကို ဘေးကင်းရာတွေဆီပို့ဆောင်ထားပေမဲ့ ဂျွန်ကယ်လီတို့ကိုတော့ ဘာမှအကြောင်းမကြားရသေးပါဘူး။အဲ့ဒီညမှာပဲ ဂျွန်ရဲ့အိမ်ကိုရုရှားတွေရောက်လာပြီးလုပ်ကြံပေမဲ့ သူမသေပဲ ကိုယ်ဝန်သည်မိန်းမကတော့ သေဆုံးသွားခဲ့ပါတယ်။

မိန်းမကိုရော၊ကလေးကိုရော ကယ်တင်နိုင်ခြင်းမရှိခဲ့တဲ့ ဂျွန်ကယ်လီဟာ နေပြန်ကောင်းချင်းချင်းမှာပဲ ရုရှားတွေကိုပြန်လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး ကိစ္စတွေအားလုံးက ရစ်တာကိုဗဟိုပြုနေချိန် ကယ်လီဟာသူ့အဖွဲ့ထဲက ဗိုလ်မှူးကယ်ရင်းရီယာရဲ့အကူအညီနဲ့ စီအိုင်အေဆီကအထောက်အပံ့ကိုရအောင်ယူပြီး ရုရှားပိုင်နက်ထဲထိသွားပြီး မြေလှန်ပါတော့တယ်။

Without Remorse သို့မဟုတ် Tom Clancy’s Without Remorse လို့လည်းလူသိကြတဲ့ ဒီရုပ်ရှင်ဟာ စစ်ကားဝတ္ထုတွေ၊အတိုက်အခိုက်ဝတ္ထုတွေနဲ့ နာမည်ကြီးတဲ့ Tom Clancy ၁၉၉၃ ခုနှစ်ကရေးသားထားတဲ့ နာမည်တူဝတ္ထုကိုပဲ ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ဟိုးအရင်ကတည်းက ရိုက်ကူးဖို့စီစဥ်ထားတဲ့ဒီရုပ်ရှင်ရဲ့ အဓိကသရုပ်ဆောင်နေရာမှာ Keanu Reeves,Tom Hardy တို့နဲ့ရိုက်ကူးဖို့တောင် လုပ်ခဲ့ကြပါသေးတယ်။နှစ် ၂၀ လောက်ထိကိစ္စမျိုးစုံနဲ့ တိုင်ပတ်နေပြီးနောက် Michael B. Jordan ကအဓိကသရုပ်ဆောင်ဖြစ်လာပါတယ်။

ဒီဇာတ်ကားဟာ ဇာတ်လမ်းလေးတော့ကောင်းပေမဲ့ အဓိကသရုပ်ဆောင်ကို မသိမသာလေး Role တင်ထားပြီး နောက်ထပ်ဇာတ်ကားအဆက်တွေဆက်ထွက်ဖို့ တည်ဆောက်ထားတဲ့ပုံစံလေးကပါ နည်းနည်းစူပါဟီးရိုးဇာတ်လမ်းဆန်ဆန်လေးပါ။အက်ရှင်ခန်းတွေဟာ အရမ်းကြီးမိုက်မနေဘူးလို့ ခံစားရပေမဲ့အရမ်းကြီးညံ့နေတာတော့လည်းမဟုတ်ပါဘူး။Plot Twist တွေလည်းတော်တော်များများပါဝင်ပါတယ်။

နိုင်ငံရေးတွေထဲမှာ မိသားစုတစ်ခုရဲ့ကြားညပ်ပုံတွေနဲ့ မိသားစုကိုဆုံးရှုံးရသူတစ်‌ယောက်ရဲ့ ခံစားချက်တွေ ရောထွေးပြီးထည့်ထားတာလေးတစ်ခုကတော့ တော်တော်လေးကိုမိုက်ပါတယ်။Jordan ရဲ့သရုပ်ဆောင်ပုံစံတွေကလည်း တော်တော်လေးကိုမိုက်တဲ့အတွက် Without Remorse ရုပ်ရှင်ကားဟာ လက်စားချေအက်ရှင်ဇာတ်လမ်းကောင်းကောင်းကို ကြိုက်နှစ်သက်သူတွေအတွက်တော့ အရမ်းကြည့်လို့ကောင်းမဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။

Photos Credit:Prime Video

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။