ဖေဖော်ဝါရီလမှာ အသစ်ထွက်ရှိမယ့် ကိုရီးယားဇာတ်လမ်းတွဲ ၉ ခု ရှိပါတယ်။ ဒီထဲမှာ အရင်က အပိုင်း ၁ ထွက်ဖူးတာလည်း ပါပါတယ်။ ပရိသတ်တွေအတွက် ဖေဖော်ဝါရီမှာ စိတ်ကြေကွဲဆို့နင့်မှုတွေ ခဏလောက်ဖြစ်ဖြစ် မေ့နိုင်အောင် အပျင်းပြေရှာကြည့်ဖို့ ဒီဇာတ်ကားလေးတွေအကြောင်း တင်ဆက်လိုက်ပါတယ်။

1. A business proposal

ဒါကတော့ လူငယ် အချစ်ဟာသ ဇာတ်လမ်းလေးပါ။ ရုံးက CEO ချောချောလေး နဲ့ ဝန်ထမ်းမလေး အမှတ်မထင် ချိန်းတွေ့မိရာက ဖြစ်လာတဲ့ ပေါ့ပေါ့ပါးပါး အချစ်အကြောင်းလေးလို့ ဆိုပါတယ်။

2. Kill Heel

ဒါကတော့ လုပ်ငန်းခွင်မှာ အသီးသီးအောင်မြင်မှု ရထားတဲ့ မမ ၃ ယောက်က အပြိုင်အဆိုင်ကြိုးစားကြတာကို မြင်ရမှာပါ။ အလုပ်လုပ်ဖို့၊ စာလုပ်ဖို့ မိုတီလိုချင်ရင် ဒါလေး ကြည့်သင့်။

3. Twenty-Five Twenty-One

တောင်ကိုရီးယားမှာ စီးပွားရေးအကြပ်အတည်း ဖြစ်ခဲ့တဲ့ ၈၈ ဝန်းကျင်က အိပ်မက်တွေ အကြီးကြီးနဲ့ လူငယ်လေးတစ်စုအကြောင်း မြင်ရမယ့် ဇာတ်လမ်းတွဲလေးပါ။ ခုချိန်ကြည့်ရင် ကိုယ့်ဘဝကိုယ် ပြန်မြင်ရသလိုပဲ နေမှာနော်။ မင်းသားကလည်း နမ်ဂျိုဟွတ် ချောချောလေးဆိုတော့ ကြည့်မှဖြစ်မယ့် ဒရာမာလေးပါပဲ။

4. Thirty Nine

အသက် ၃၉ နှစ်အရွယ် သူငယ်ချင်း အပျိုကြီး ၃ ယောက်ရဲ့ နေ့စဥ်ဘဝ ဖြတ်သန်းမှုလေးတွေနဲ့ သူငယ်ချင်းသံယောဇဥ်လေးကို ကြည်ကြည်နူးနူး မြင်ရမယ်။ မင်းသမီးတွေက ဗိုလ်ကြီးကတော် ဆွန်းရယ်ဂျင်းရယ်၊ Hospital Playlist ထဲက ဆရာဝန်မလေးရယ်၊ Hometown Cha Cha Cha ထဲက PD ရဲ့ အစ်မရယ် ဆိုတော့ အချောလေးတွေချည်းပဲနော်။ ဒါကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ healing လုပ်ချင်တဲ့ သူတွေအတွက် ပျော်စရာ ဒရာမာလေးဖြစ်မှာပါ။

5. Crazy Love

ဒီဇာတ်ကားကကျတော့ စိတ်လှုပ်ရှားမှုကို လိုချင်တဲ့သူလေးတွေအတွက် အသည်းအေးစေမှာပါ။ မင်းသားက အရမ်းတော်ပြီး အောင်မြင်နေတဲ့ ကျူရှင်ဆရာ၊ လုပ်ငန်းရှင်တစ်ယောက်။ ဒါပေမဲ့ မမျှော်လင့်ဘဲ အသတ်ခံရမယ်လို့ ခြိမ်းခြောက်ခံလိုက်ရတယ်။ မင်းသမီးက အချစ်ကလေး Krystal ဖြစ်ပြီး မင်းသားရဲ့ အတွင်းရေးမှူး အေးအေးလေးအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ယောက်မှာ ဘယ်လိုဇာတ်လမ်းတွေ ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။

6. Juvenile Justice 

မင်းသမီးက Signal ဆိုတဲ့ စုံထောက်ကားမှာတုန်းက အရမ်းမိုက်ခဲ့တဲ့ ဝါရင့်မင်းသမီးကြီးပါ။ ဒီထဲမှာ ဒရာမာနာမည်အတိုင်း အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ ကျူးလွန်တဲ့ ပြစ်မှုတွေအကြောင်း တွေ့ရမှာပါ။ မှုခင်းဇာတ်လမ်းချစ်သူတွေ စိတ်ကြိုက်တွေ့မယ့် ဒရာမာကောင်းတစ်ခုလို့ မြင်ပါတယ်။

7. Military Prosecutor Doberman

ဖေဖော်ဝါရီလကုန်မှာ ထွက်မယ်ကြေညာထားပါတယ်။ စစ်တပ်ထဲက အလိမ်အရှုပ်တွေ အကျင့်ပျက်ခြစားမှုတွေကို တိုင်ဖျက်မယ့် မင်းသားနဲ့ မင်းသမီးအတွဲကို ခပ်မိုက်မိုက် ကြည့်ရမှာပါ။ ဒါလည်း စုံထောက်ဆန်ဆန် ဇာတ်လမ်းလေးပါပဲ။

8. Love ft. Marriage and Divorce

ရှေ့မှာ Season 1 နဲ့ 2 ထွက်ပြီးသား အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲကြီးပါ။ အိမ်ထောင်ရေးဖောက်ပြန်တဲ့ အမျိုးသားတွေအကြောင်း ရိုက်ထားတာမို့ လောင်ချင်တဲ့သူလေးတွေ သေချာပေါက် ကြည့်သင့်ပါတယ်။

9. Love and Leashes

ဒါက ဇာတ်လမ်းတွဲ မဟုတ်ဘဲ တစ်ပိုင်းတည်းအပြီး ရုပ်ရှင်လေးပါ။ ကိုရီးယားရုပ်ရှင်အများစုနဲ့ ကွဲထွက်ပြီး BDSM ပုံစံ ရိုက်ထားပါတယ်တဲ့။ အရသာအသစ်မို့ ရင်ခုန်ခံစားချင်သူတွေ ကြည့်သင့်ပါတယ်။

ဒီလောက်ဆို ဖေဖော်ဝါရီလမှာ ကြည့်စရာတွေ အများကြီးပါပဲနော်။ ကိုရီးယားကားလေးတွေ ကြည့်ရင်း စိတ်အပန်းပြေနိုင်ကြပါစေ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။