WY ကို စတင် သုံးစွဲကာစမှာ ဘာလုပ်လုပ် အာရုံစူးစိုက်မှု ကောင်းပြီးတော့ တက်ကြွနေမယ်။ စိတ်ကြည်နူး ပျော်ရွှင်နေသလို ခံစားရမယ်။ အင်အားတွေ တိုးနေသလို ခံစားရမယ်။ အဆာခံနိုင်ပြီးတော့ အစာစားချင်စိတ် မရှိဘူး။ လုပ်သမျှ အဆင်ပြေနေသလိုမျိုး ဆေးသုံးသူများက ပြောဆိုလေ့ ရှိကြပါတယ်။
ဆေးသုံးနေဆဲကာစမှာ အာရုံခံစားမှု ကောင်းသလိုဖြစ်နေပေမယ့် ဆက်ပြီး သုံးစွဲတာနဲ့အမျှ လူလည်း စိတ်ရောကိုယ်ပါ ပျက်စီးလာမှာပါ။ ဆေးပမာဏ များလာရင်တော့ အာရုံထိန်းချုပ်မှု ပျက်ယွင်းလာပြီး ကြွက်သားတွေကိုပါ ပျက်စီးစေနိုင်ပါတယ်။ မှတ်ဉာဏ်နည်းပါးလာပြီး အာရုံစူးစိုက်နိုင်စွမ်း နည်းပါးလာပါလိမ့်မယ်။ သံသယစိတ်တွေ များလာပြီးတော့ ရိုင်းစိုင်းကြမ်းတမ်းလာပါလိမ့်မယ်။ လူမှုပတ်ဝန်းကျင်မှာ အဆင်မပြေမှုတွေ များပြားလာပြီးတော့ နောက်ဆုံးတော့ သေရမှာပါပဲ ဖြစ်ပါတယ်။ အဖမ်းခံရခြင်း ထောင်ကျခြင်းတွေကလည်း အချိန်မရွေး ကြုံတွေ့နိုင်ပါသေးတယ်။

မသုံးဖူးသေးရင် လက်တည့်မစမ်းကြနဲ့ သုံးမိနေရင် ရအောင်ဖြတ်ဖို့ အကြံပေးချင်ပါတယ်။ ဆေးကျတဲ့ အချိန်ဆိုရင် တကိုယ်လုံး ကိုက်ခဲပြီး အားမရှိဖြစ်ပြီးတော့ ဘာမှလုပ်ချင်စိတ်မရှိတာကို ကြုံဖူးရင် သိကြမှာပါ။ စိုးရိမ်ထိတ်လန့်မှု များလာမယ်။ စိတ်တိုလွယ်မယ်။ ခေါင်းကိုက်မယ်။ ဂနာမငြိမ်ဖြစ်မယ်။ ဒါ့ကြောင့် ဆေးကို ပြန်သုံးရဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားရင်း ဘ၀ နစ်မွန်းတော့တာပါပဲ။
နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လည်ပင်းကြီး ဟော်မုန်းများရောဂါ၊ စိတ်ရောဂါအခံရှိသူတွေ၊ ဆေးဝါးအလွဲသုံးဖူးသူတွေ နဲ့ ကိုယ်ဝန်ဆောင်တွေရော နို့တိုက်မိခင်တွေအနေနဲ့ WY ကို လုံးဝ မသုံးစွဲသင့်ပါဘူး။ ဘေးထွက်ဆိုးကျိုးတွေကတော့ အမြင်မှုန်ဝါးမယ်။ ခံတွင်းတွေ ခြောက်မယ်။ ရေငတ်မယ်။ ပါးစပ်နံမယ်။ သွားမှာ ကျောက်တည်မယ်၊ ကြွေကျမယ်။ နှလုံးခုန်အရမ်းမြန်မယ်။ သွေးတိုးမယ်။ သွေးပေါင်လည်း ထိုးကျတတ်တယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်မယ်။ ဦးနှောက်အတွင်း သွေးယိုစီးတတ်တယ်။ ချွေးထွက်များမယ်။ ကြွက်သားတွေ နာကျင် ပျက်စီးပြီး ပိန်ချုံးလာပါမည်။ ကျောက်ကပ် ပျက်စီးလာရင်း ခါးနာလာမယ်။ ဆီးနဲ့ ပတ်သက်ပြီး ပြသနာတွေ ဖြစ်လာမယ်။ ဝမ်းချုပ်မယ်။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ခံစားရမယ်။ စိတ်ဖိစီးခြင်း၊ ဒေါသထွက်ခြင်း၊ မေ့တတ်ခြင်း၊ မှတ်ဉာဏ်တွေ နည်းလာခြင်း၊ လိင်စိတ် ပြောင်းလဲလာခြင်း၊ စိုးရိမ်စိတ် များလာခြင်း၊ အဆိုးဆုံး အနေနဲ့ကတော့ ကိုယ့်ကို ကိုယ် သတ်သေချင်စိတ် ဖြစ်ခြင်းတို့ ဖြစ်စေပါတယ်။

WY ကို အခြား မူးယစ်ဆေးများ၊ အရက်၊ ဘီယာများတို့နှင့်အတူ တွဲဖက်သုံးစွဲလျှင် ပိုပြီး အန္တရာယ် ရှိစေပါတယ်။
မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ဥပဒေများကို သိရှိစေရန်အတွက် တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။
(၁၉၉၃) ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ (၁၅) အရ သုံးစွဲသူ ဆိုရင် ထောင်ဒဏ် ၃ နှစ်ကနေ ၅နှစ်ထိ ချနိုင်သလို ပုဒ်မ (၁၆) အရ လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် ၅နှစ်ကနေ ၁၀နှစ်အထိ ချလို့ရပါတယ်။
ဆေးသုံးတဲ့လူနဲ့ အတူဖမ်းမိတဲ့အခါ ဆေးအောင်နေရင်တောင် အနည်းဆုံး (၆) လ ကျနိုင်တဲ့အပြင် အပေါင်းပါအနေနဲ့ အမှုပြီးတဲ့အထိရှင်းရမှာပါ။
ဆေးပြား (၃၀) နဲ့ ဖမ်းဆီးခံရရင်တော့ ပုဒ်မ ၁၉ (က) အဖြစ် ထိရောက်မည် ဖြစ်ပြီး " မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးကို ရောင်းချရန် အလို့ငှာ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်း " လို့ ဖော်ပြထားပြီး ကျူးလွန်ကြောင်း ပြစ်မှုစီရင်ခြင်း ခံရပါက ကျူးလွန်သူကို ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်ကနေ အများဆုံး နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
မူးယစ်ဆေးဝါးက လက်ရှိအချိန်မှာလည်း အသက်အန္တရာယ် ထိခိုက်သည်အထိ ဆိုးဝါးစေတဲ့အပြင် အနာဂတ် ဘဝကိုလည်း အလွယ်တကူပဲ ပျက်စီးစေပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ မူးယစ်ဆေးဝါးကို မဖြစ်မနေ ရှောင်ကြဉ်ကြဖို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။
သတင်းအရင်းအမြစ် - မူးရင်း ရေးသားသူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။