အခုလို မိုးရာသီမှာ အဖြစ်အများဆုံး ရောဂါကတော့ သဲဝဲစားခြင်းပဲ ဖြစ်ပါတယ်။ အရေပြားမှာ မှိုစွဲကပ်ခြင်း၊ ဘက်တီးရီးယားပိုးများ ပေါက်ဖွားခြင်းကြောင့် ပွေး၊ သဲဝဲ၊ ညှင်း၊ ယားနာအမျိုးမျိုးတို့ ဖြစ်တတ်ကြပါတယ်။ ဒီလို မှိုများက ဇီ၀ ဆဲလ်များ ဖြစ်ကြသောကြောင့် လျှင်မြန်စွာ တားဆီးကာကွယ်ခြင်း မပြုပါက အရေပြား တစ်သျှူးများတွင် တွယ်ကပ်လျှက် ရှင်သန်ကြီးထွားကာ အမြစ်တွယ်ကြပြီး အချိန်ကြာမြင့်စွာ သဲဝဲစားခြင်းကို ခံစားရတတ်ပါတယ်။ ဖြစ်တတ်ကြပါတယ်။

ဒီလို ယားနာများက FUNGUS မှိုပိုးကြောင့်ဖြစ်ပြီး အဓိက အားဖြင့် ခန္ဓာကိုယ်၏ စိုစွတ်နေသောနေရာများမှာ စွဲကပ်နေကြပါတယ်။ ဒါကြောင့် ခြေထောက်စပ်ကြား၊ အင်္ဂါစပ်ကြား၊ ရင်သားကြား စတဲ့နေရာတွေမှာ ယားနာပိုပေါက်လေ့ရှိပါတယ်။ သဲဝဲဖြစ်စေသော မှိုပိုးက အရေးပြားအပေါ်ယံတွင်သာနေလေ့ရှိပြီး အရေပြား အတွင်းသို့ ဝင်ရောက်ခြင်း မရှိတတ်ပါ။ ခန္ဓာကိုယ် အလေးချိန် များသောသူများမှာ အရေပြားအတွန့်အခေါက် များသောကြောင့် ပိုဖြစ်လေ့ ရှိပြီး ဆီးချိုရောဂါရှိသူများတွင်လည်း မှိုပိုးကြောင့်ဖြစ်သော အရေပြားရောဂါများ ပိုဖြစ်နိုင်ပါတယ်။ မှိုပိုးရောဂါများကတော့ သဲဝဲ အပြင် အခြားသော ပွေး၊ ဝဲ၊ ညင်းနှင့် YEAST ရောဂါများလည်း ဖြစ်နိုင်ပါတယ်။

သဲဝဲစားခြင်းက ခြေထောက်ကြားတွေမှာ အဖြစ်များပြီး အရေပြားအဖတ်တွေ နီမြန်းခြင်း၊ အဖတ်များ ကွာခြင်း၊ ယားခြင်း၊ ပူခြင်း၊ အရေကြည်ဖု ထခြင်း၊ အနာဖြစ်နေခြင်းတို့ ခံစားရပါတယ်။ ဝဲပေါက်ရသောအကြောင်းရင်းတော့ စိုစွတ်နေသော ရှုးဖိနပ်များ စီးခြင်း၊ ခြေအိတ်များမသန့်ရှင်းခြင်း၊ မသန့်ရှင်းသောရေနှင့် အမြဲထိတွေ့နေခြင်းကြောင့် ဖြစ်တတ်ပါတယ်။

သဲဝဲစားခြင်းအတွက် မှိုပိုးသတ်ဆေး လိမ်းဆေးများ လိမ်းခြင်း၊ သောက်ဆေးများ သောက်ခြင်း၊ ခြေထောက်ကို ဖန်ရေ ဆေးပြီး သန့်ရှင်းသော အဝတ်ခြောက်ဖြင့် သုတ်ပေးခြင်း၊ မသန့်ရှင်းသော ရေများဖြင့် ထိတွေ့ရန် ရှောင်ကြဉ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။

သဲဝဲ မှ အလွန်ယားလာတဲ့အခါ သန့်ရှင်းသော ရေဝတ်ဖြင့်သုတ်ပါ၊ အခြောက်ခံပါ ပြီးလျှင် ယားနာပျောက်ဆေးလိမ်းပါ။ အဝတ်အစားများကို နေ့စဉ်လဲပါ။ ယားနာများသည် သန်ကောင်များရှိလျှင်လည်း ပေါက်တတ်သောကြောင့် သန်ချဆေး ၃လတစ်ခါ သောက်ပါ။ မိန်းမကိုယ်တွင် မှိုရောဂါဖြစ်လျှင် မှိုပိုးသတ်ဆေးအတောင့်များထည့်ခြင်းဖြင့် ကုသမှုပေးရပါတယ်။ ပါးစပ်အတွင်းမှိုနာရှိလျှင် ပါးစပ်ဆေးရည်ဖြင့်နေ့စဉ်ဆေးကြောပေးရပါတယ်။ မိမိကိုယ်တိုင် မှိုပိုးသတ်ဆေးလိမ်း၍ မပျောက်ခဲ့လျှင် အရေပြားအထူးကုဆရာဝန်နှင့်တိုင်ပင်ကုသရန် လိုအပ်ပါတယ်။

ကာကွယ်ရန် နည်းလမ်းများ အနေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ မသန့်ရှင်းသောရေများနှင့် ထိတွေ့လျှင် ဆေးဆပ်ပြာဖြင့် သေချာဆေးကြောပါ။ အဝတ်အထည်များ၊ အတွင်းခံများ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းများကို သန့်ရှင်း သပ်ရပ်စွာ သုံးစွဲပါ။ အခြားသူများနှင့် မျှဝေသုံးစွဲခြင်းမျိုးကို ရှောင်ကြဉ်ပါ။ အရေပြားရောဂါဖြစ်ဖူးလျှင် ဆရာဝန်နှင့် သေချာစွာ တိုင်ပင်ပြီး အရှင်းပျောက်ကင်းသည်အထိ ကုသပါ။

အားလုံးပဲ သာယာလှပသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

ကိုးကား - ဒေါက်တာ ပြည့်ရှင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။