အဆီကျိတ်ဆိုတာ တဖြည်းဖြည်းကြီးထွားလာနိုင်တဲ့ အဆီအလုံးဖြစ်ပြီး အရေပြားနဲ့ကြွက်သားအလွှာကြားမှာ ရှိပါတယ်။ အဆီကျိတ်က ကိုင်ကြည့်တဲ့အခါ ဂျုံလုံး လို ဖြစ်ပြီး လက်နဲ့ အသာအယာဖိကြည့်ရုံဖြင့် ရှေ့နောက် ဘယ်ညာအနည်းငယ် ရွေ့လျားနိုင်ပါတယ်။ အဆီကျိတ်ကိုကို လူလတ်ပိုင်းအရွယ်များမှာ တွေ့ရလေ့ရှိပြီး အချို့မှာတော့ တစ်ခုထက်ပိုတဲ့ အဆီကျိတ်များကို တွေ့ရှိရပါတယ်။ အဆီကျိတ်ဖြစ်လာတဲ့ အခါ အများစုက ကင်ဆာ ဖြစ်မှာ စိုးရိမ်တတ်ကြပါတယ်။ ဒီလို အဆီကျိတ်တွေက အလှအပကို အနည်းငယ် အနှောင့်အယှက် ပေးရုံကလွဲပြီး အန္တရာယ်လည်းမဖြစ်စေသလို ကုသစရာလည်း မလိုပါဘူး။ သို့သော် အဆီကျိတ်က နာကျင်လာတာဖြစ်ဖြစ်၊ ကြီးထွားလာတာဖြစ်ဖြစ် ဒီလို အခြေအနေမျိုးမှာ ဆိုရင်တော့ မဖြစ်မနေ ဖယ်ရှားဖို့ လိုအပ်ပါတယ်။ 

အဆီကျိတ်ကို ခန္ဓာကိုယ်နေရာအနှံ့အပြားမှာ တွေ့နိုင်ပါတယ်။ အဆီကျိတ်များက အရေပြားရဲ့ အောက်မှာရှိပြီး လည်ပင်း၊ ပခုံး၊ ကျော၊ ဝမ်းဗိုက်၊ လက်မောင်းနဲ့ ပေါင်ခြံတို့တွင် အတွေ့ရများပါတယ်။ အဆီကျိတ် ဟုတ် မဟုတ် သေချာစေရန်အတွက် အဆီကျိတ်ဖြစ်ကြောင်း အတည်ပြုဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် သေချာစေရန်အတွက် ဆရာဝန်နှင့် ပြသတိုင်ပင်၍ စမ်းသပ်စစ်ဆေးခြင်း၊ တစ်သျှူးနမူနာယူ၍ ဓာတ်ခွဲစမ်းသပ်ခြင်း၊ အဆီကျိတ်က မူမမှန်ပါက ဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်လှိုင်း ဓာတ်မှန်ရိုက်ခြင်း စတာတွေကိုကို လိုအပ်သလို ပြုလုပ်သင့်ပါတယ်။

အဆီကျိတ်နဲ့ဆင်တူတဲ့ အဆီကျိတ်ကင်ဆာ ဖြစ်နိုင်ချေကတော့ အလွန်နည်းပါတယ်။ ကင်ဆာကျိတ်ဆိုပါက မြန်မြန်ကြီးထွားလာပြီး နာကျင်မှုကို ခံစားရမယ့်အပြင် အဆီလုံးလည်း လှုပ်လို့ မရနိုင်ပါ။ သံယရှိပါက အထက်ဖော်ပြပါ နည်းလမ်းများအတိုင်း ဆရာဝန်နှင့် ပြသတိုင်ပင်၍ ဆေးကုသမှု ခံယူနိုင်ပါတယ်။

အားလုံးပဲ ကျန်းမာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ 

သတင်းအရင်းအမြစ် - Dr. Thinzar Wynn 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။