အခုခေတ် လမ်းပေါ်မှာ လူငယ်တော်တော်များများကို ကြည့်လိုက်ရင် ပိန်တဲ့လူတွေကိုတွေ့ရတာပိုများပါလိမ့်မယ်။ ဒါပေမယ့် အဲ့ထက်ပိုဆိုးတာကတော့ လက်ပြင်ကုန်းတာပဲဖြစ်ပါတယ်။ လက်ပြင်ကုန်းတာဟာ ယောကျာ်း၊ မိန်းမမရွေး လူငယ်တော်တော်များများမှာ ဖြစ်လာကြတဲ့ အနေအထိုင်ပုံစံမှားတစ်ခုဖြစ်ပါတယ်။ဒါဟာ ကျန်းမာရေးအရလဲ မကောင်းတဲ့ လက္ခဏာတစ်ခုဖြစ်သလို အလှအပဘက်ကကြည့်ရင်လည်း လုံးဝအဆင်မပြေနိုင်ပါဘူး။
စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ကြည့်မယ်ဆိုရင်လည်း ရင်ကော့ပြီးသွားရမယ့်အရွယ်မှာ ကုန်းနေတာက တက်ကြွတဲ့ပုံစံပေါက်မနေပါဘူး။ ဒါကြောင့် လက်ပြင်ဘာကြောင့် ကုန်းလဲဆိုတာရယ်၊ လက်ပြင်ကုန်းတာကို ဘယ်လိုပြင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။ လက်ပြင်ကုန်းတယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ အနေအထား အလိုင်းမင်း မမှန်တာကြောင့်ဖြစ်ပါတယ်။
ခန္ဓာကိုယ်မှာ ကျောရိုးကနေဖြောင့်ဖြောင့်မတ်မတ် ရှိနေရမယ့်အစား ကုန်းပြီးရှိနေတာပဲဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ကိုယ်နေဟန်ထား မှားယွင်းတာကြောင့် လက်ပြင်ကုန်းရလေ့ရှိပါတယ်။ခန္ဓာကိုယ်ကို ရှေ့ကိုကိုင်းပြီး ငုံ့ရတဲ့ အလုပ်တွေကို အကြာကြီး လုပ်ရတဲ့အခါ ခန္ဓာကိုယ်က ရှေ့ကို ကိုင်းလာပြီး တဖြည်းဖြည်း လက်ပြင်ကုန်းလာတာပါ။
ဒီပုံစံနဲ့ အကြာကြီး နေတဲ့အခါ ခန္ဓာကိုယ် ကိုယ်နေဟန်ထားမှန်အောင် ထိန်းပေးနေတဲ့ အဓိကကြွက်သားတွေဖြစ်တဲ့ လည်ပင်း၊ နောက်ကျောနဲ့ ပုခုံးမှာရှိတဲ့ ကြွက်သားတွေ တဖြည်းဖြည်း ပုံစံပျက်လာတတ်ပါတယ်။ဖုန်းတွေ၊ ကွန်ပျူတာတွေ အချိန်အကြာကြီးကြည့်တာ၊ ဂိမ်းဆော့တာ၊ အထိုင်များတာ၊ ကားအကြာကြီးမောင်းရတာ၊ ခါးကိုင်းရတဲ့ အလုပ်တွေမကြာခဏလုပ်ရတာ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေမှာ အလေးအပင်တွေမရတာ စတာတွေကြောင့်ဖြစ်နိုင်ပါတယ်။
လက်ပြင်ကုန်း တာကို မပြင်ဘဲ ထားမယ်ဆိုရင် ကြွက်သားတွေက ဒီလို ရှေ့ကိုကုန်းနေတာက သူတို့ရဲ့ ပုံမှန်ပုံစံပဲလို့ ထင်ပြီး အသားကျသွားပါလိမ့်မယ်။ နောက်ပိုင်းကျရင်တော့ အရိုးနဲ့ ကြွက်သားတွေ ထိခိုက်တာ၊ ကြည့်ရဆိုးတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းတာတွေ ဖြစ်လာနိုင်ပါတယ်။
လက်ပြင်ကုန်းတာဟာ ပြင်လို့ကုလို့မရတဲ့ ရောဂါမဟုတ်ပါဘူး။ ကိုယ့်ရဲ့အနေအထိုင် အပြုအမူနဲ့ပဲဆိုင်လို့ သတိထားပြီး ပြင်ရင်ပြန်ကောင်းနိုင်ပါတယ်။ လက်ပြင်ကုန်းတာကို ပျောက်ဖို့ လေ့ကျင့်ခန်းတွေလဲလုပ်နိုင်ပါတယ်။
ပြီးတော့ အထိုင်များတဲ့အလုပ်တွေမလုပ်တာ၊ လှုပ်လှုပ်ရှားရှားနေပြီး အားကစားတွေလုပ်တာ၊ ကိုယ်မနိုင်တဲ့ အလေးအပင်တွေကို တစ်ယောက်ထဲမ မတာစတဲ့ အပြုအမူတွေကို ဆင်ခြင်လိုက်ရင်လည်း လက်ပြင်ကုန်းတာဟာ လုံးဝရှိတော့မှာမဟုတ်ပါဘူး။အဓိက ကတော့ကိုယ်ကလက်ပြင်ကုန်းတယ်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားရင် သတိထားပြီး ပြင်တာပဲဖြစ်ပါတယ်။ အချိန်တိုင်းသတိထားပြီး ဂရုစိုက်ကာ လက်ပြင်ကုန်းတာကို ပြင်နိုင်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။