ကင်ဆာဆိုတာ ရှုပ်ထွေးတဲ့ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ ကင်ဆာအမျိုးအစားများစွာရှိပြီး ကင်ဆာဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေကလည်း များပြားပါတယ်။ ကင်ဆာအကျိတ်တွေရဲ့ ၈၀ ကနေ ၉၀ ရာခိုင်နှုန်းခန့်က ပြင်ပကအရာတွေနဲ့ဆက်စပ်နေတာကြောင့် လူနေမှုပုံစံက အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် လူနေမှုပုံစံတွေထဲမှာ ပါဝင်တဲ့ အစားအသောက်တွေကနေတစ်ဆင့် ကင်ဆာရောဂါဖြစ်နိုင်ခြေရှိပါတယ်။ ဒါကြောင့် ကင်ဆာမဖြစ်ချင်ရင် မစားသင့်တဲ့အစားအသောက်တွေကို ဝေမျှပေးသွားပါမယ်။

အလွန်ပြုပြင်ထားတဲ့အစားအစာတွေ

သကြား၊ ဆိုဒီယမ်၊ ပြည့်ဝအဆီအပါအဝင် ဓာတုပါဝင်ပစ္စည်းများစွာနဲ့ လွန်ကဲစွာ ပြုပြင်ထားတဲ့ အစားအစာတွေဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ အဝလွန်ခြင်းစတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်စေပါတယ်။ အလွန်အကျွံ ပြုပြင်ထားတဲ့ အစားအစာ စားသုံးမှု ၁၀ ရာခိုင်နှုန်းတိုးလာတိုင်း အလုံးစုံကင်ဆာဖြစ်လာနိုင်ခြေ ၁၂ ရာခိုင်နှုန်း တိုးလာစေပြီး ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၁၁ ရာခိုင်နှုန်းတိုးခြင်းလာစေပါတယ်။

ဆိုဒါ

တစ်နေ့ကို အချိုရည်တစ်ခွက်သောက်ခြင်းက အသည်း၊ ဆီးကျိတ်၊ သားအိမ်နဲ့ သည်းခြေအိတ်တို့ရဲ့ ကင်ဆာအပါအဝင် ကင်ဆာရောဂါအများအပြားဖြစ်နိုင်ခြေကိုများစေပါတယ်။ ဆိုဒါများကို သောက်သုံးခြင်းက အဝလွန်ခြင်း၊ လေဖြတ်ခြင်းနဲ့ မှတ်ဉာဏ်ချို့တဲ့ခြင်းတို့လို ကျန်းမာရေးပြဿနာတွေဖြစ်စေတဲ့အပြင် ကင်ဆာရောဂါဖြစ်နိုင်ခြေကိုပါတိုးလာစေပါတယ်။

အသားကင်

အသားကင်ဟာ လူတိုင်းနီးပါးကြိုက်ကြတဲ့အစားအစာတစ်မျိုးပဲဖြစ်ပြီး အသားကင်စားခြင်းက လူ့ခန္ဓာကိုယ်ရဲ့ DNA ကို အမှန်တကယ်ပဲပျက်စီးစေပါတယ်။ အပူချိန်ပြင်းပြင်းမှာ ကင်ထားတဲ့ အသားကင်တွေဟာ ကင်ဆာဖြစ်နိုင်ခြေကို တိုးမြှင့်ပေးတဲ့ ဓာတုပစ္စည်း ၂ မျိုးဖြစ်တဲ့ heterocyclic amines (HCAs) နဲ့ polycyclic aromatic hydrocarbons (PAHs) တို့ကို ထုတ်လုပ်ပေးပါတယ်။ အသားကင်တွေကို နေ့စဉ်စားသုံးမယ်ဆိုရင်တော့ ပန်ကရိယကင်ဆာဖြစ်နိုင်ခြေကို ၆၀ ရာခိုင်နှုန်းတိုးမြှင့်စေမှာဖြစ်ပြီး အမျိုးသမီးများရဲ့ ရင်သားကင်ဆာဖြစ်နှုန်းကို လည်း တိုးစေမှာပါ။

ပြည့်ဝဆီ

လေ့လာမှုများအရ ကိုလက်စထရောနဲ့ ကင်ဆာများကြား ဆက်စပ်မှုရှိနေပြီး ခန္ဓာကိုယ်မှာ ကိုလက်စထရောမြင့်မားခြင်းက အူလမ်းကြောင်းရှိ ပင်မဆဲလ်များ (ISCs) ပွားခြင်းကို တိုးစေပြီး အူတစ်သျှူးအလွှာများ ကြီးထွားမှုကို တွန်းအားပေးကာ အကျိတ်ဆဲလ်များကြီးထွားမှု ကို အဆ ၁၀၀ ပိုမြန်စေကြောင်း တွေ့ရပါတယ်။ ပြည့်ဝဆီများတဲ့အစားအစာတွေဟာ အဆုတ်၊ ရင်သားနဲ့ ဆီးကျိတ်အပါအဝင် ကင်ဆာအမျိုးမျိုးရဲ့ ဖြစ်နိုင်ခြေကိုတိုးစေပါတယ်။

အခုဖော်ပြထားတဲ့ အစားအသောက်တွေကို နေ့စဉ်စားသုံးခြင်းက ခန္ဓာကိုယ်ထိခိုက်စေမှာဖြစ်တဲ့အပြင် ကင်ဆာရောဂါဖြစ်စေမှာဖြစ်ပါတယ်။

source - aetna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။