ဗီတာမင် K မှာ ဗီတာမင် K1 နဲ့ ဗီတာမင် K2 ဆိုပြီး ပုံစံ ၂ မျိုးရှိပါတယ်။ ဗီတာမင် K1 လို့ခေါ်တဲ့ Phylloquinone ကို ဟင်းနုနယ်ရွက်နဲ့ ကိုက်လန်ရွက်တို့လို အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာတွေ့ရှိရပြီး ထောပတ်၊ ကြက်ဥနဲ့ အချဉ်ဖောက်ထားတဲ့အစားအစာတွေမှာတော့ Menaquinone လို့ခေါ်တဲ့ ဗီတာမင် K2 ကို တွေ့ရပါတယ်။

ဗီတာမင် K1 ရော K2 ရောဟာ သွေးခဲတာကို ကူညီပေးတဲ့ ပရိုတင်းဓာတ်ကို ထုတ်လုပ်ပေးတာကြောင့် ခန္ဓာကိုယ်အပြင်ပိုင်းသာမက အတွင်းပိုင်းကိုပါ သွေးထွက်လွန်ခြင်းကနေ အကာအကွယ်ပေးပါတယ်။ အရွယ်ရောက်ပြီးသူတိုင်းက နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေကနေ တစ်ဆင့် ဗီတာမင် K ကို လုံလောက်စွာရရှိကြပါတယ်။

ဒါပေမယ့်လည်း အသက်အရွယ်ရလာတာနဲ့အမျှ ကျန်းမာရေးအတွက် မှီဝဲတဲ့ ဆေးဝါးတစ်ချို့ကြောင့် ခန္ဓာကိုယ်မှာ ဗီတာမင် K ဓာတ်ချို့တဲ့တာမျိုးကြုံရတတ်ပါတယ်။ ဗီတာမင် K ဓာတ်ချို့တဲ့တာကိုတော့ ကလေးငယ်အများစုမှာ ပိုပြီးတွေ့ရတတ်ပြီး ခန္ဓာကိုယ်မှာ ဗီတာမင် K ဓာတ်ချို့တဲ့နေမယ်ဆိုရင်တော့ ဒါတွေကြုံရမှာဖြစ်ပါတယ်။

သွေးအလွန်အကျွံထွက်ခြင်း

ဗီတာမင် K ချို့တဲ့ခြင်းရဲ့ အဓိက လက္ခဏာရပ်က သွေးအလွန်အကျွံထွက်ခြင်းပဲဖြစ်ပါတယ်။ ဒဏ်ရာမဟုတ်တဲ့ နေရာတွေကနေလည်း သွေးတွေထွက်လာနိုင်ပါတယ်။

ညိုမဲလွယ်ခြင်း

လက်သည်းတွေအောက်မှာ သွေးခဲလေးတွေဖြစ်လာတတ်ပါတယ်။ ဝမ်းသွားတဲ့အခါမှာ အမည်းရောင်အဆင်းရှိတဲ့ မစင်တွေသွားကာ သွေးခဲတွေပါရှိလာတတ်ပါတယ်။

ဦးနှောက်သွေးယိုခြင်း

အသက်အန္တရာယ်အလွန်များတဲ့ ဗီတာမင် K ချို့တဲ့ခြင်းရဲ့ လက္ခဏာရပ်ပဲဖြစ်ပါတယ်။ ဦးနှောက်အတွင်းကနေ ရုတ်တရက်သွေးထွက်များလာခြင်းမျိုးဖြစ်ပါတယ်။

အရိုးအားနည်းခြင်း

ဗီတာမင် K က အရိုးကျန်းမာရေးအတွက် အရေးပါတဲ့ ကဏ္ဍမှာပါဝင်တာကြောင့် ဗီတာမင် K ချို့တဲ့ခြင်းက ခန္ဓာကိုယ်ရှိ အရိုးတွေအားနည်းလာခြင်းတို့အပြင် အရိုးပွရောဂါတွေအထိပါဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ခန္ဓာကိုယ်မှာ ဗီတာမင် K ဓာတ်မချို့တဲ့စေဖို့အတွက် သတိပြုစေချင်ပါတယ်။

source - cdc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။