နှစ်စဥ်ပုံမှန်ကျင်းပနေကျဖြစ်တဲ့ Dota 2 The International ပွဲတော်ကို ဒီနှစ်မှာလည်း အောက်တိုဘာလမှာကျင်းပပေးသွားမယ်လို့ အတည်ပြုလိုက်ပါပြီ။အရင်နှစ်တွေက အမေရိကန်၊ကနေဒါ၊တရုတ်၊ဂျာမနီနဲ့ ရိုမေနီးယားနိုင်ငံတို့မှာကျင်းပပေမဲ့ ဒီနှစ်တော့ထူးထူးခြားခြား စင်ကာပူနိုင်ငံမှာကျင်းပမှာပါ။The International ကိုပထမဆုံးအနေနဲ့ အရှေ့တောင်အာရှထဲမှာ ပြုလုပ်မှာဖြစ်ပါတယ်။

Valve ကဒီအကြောင်းကို Twitter ကနေတဆင့်ကြေညာခဲ့တာဖြစ်ပြီး အချိန်နဲ့နေရာကလွဲလို့ ကျန်တာဘာမှပြောထားခြင်းမရှိသေးပါဘူး။ပွဲဟာဆုကြေးငွေအများကြီးကို အသုံးပြုတာကြောင့် နာမည်ကြီးတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ပွဲမှာတုန်းကအနိုင်ရရှိတဲ့အသင်းဟာ ဆုငွေအမေရိကန်ဒေါ်လာသန်း ၄၀ ထိရခဲ့ပါတယ်။ဆုငွေတွေဟာ တစ်နှစ်ထက်တစ်နှစ်ပိုပိုတိုးလာပြီး ဒီနှစ်အတွက်ဆုကြေးငွေကတော့ ဘယ်လောက်လဲမသိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကဆွီဒင်နိုင်ငံ၊စတော့ဟုမ်းမြို့မှာ ကျင်းပဖို့စီစဥ်ခဲ့တဲ့ပွဲကို Covid-19 ကပ်ရောဂါကြောင့်မကျင်းပဖြစ်ခဲ့ပါဘူး။၂၀၂၁ ခုနှစ်က ဆွီဒင်မှာပဲပြန်ကျင်းပဖို့လုပ်ခဲ့ပေမဲ့လည်း အာဏာပိုင်တွေနဲ့အဆင်မပြေခဲ့တာကြောင့် မလုပ်ဖြစ်ခဲ့ပဲ ရိုမေနီးယားနိုင်ငံမှာပြုလုပ်ခဲ့ပေမဲ့ ရောဂါကန့်သတ်ချက်တွေကြောင့် ပရိသတ်တွေမပါပဲပြုလုပ်ခဲ့ရပါတယ်။ဒီနှစ်မှာလည်း မနှစ်ကလိုမျိုး ပရိသတ်တွေမပါပဲလုပ်မလားဆိုတာကိုတော့ မသိရသေးပါဘူး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။