လူတိုင်းသိကြတဲ့ ကြောင်နဲ့ကြွက်ဇာတ်ကောင်ဟာ ၂၀၂၁ ခုနှစ်က ရုပ်ရှင်ကားတစ်ကားထွက်ခဲ့ပါသေးတယ်။မထွက်ခင်တုန်းကတော့ အများကြီးမျှော်လင့်ခဲ့ကြပေမဲ့ ထွက်ပြီးချိန်မှာ မျှော်လင့်ထားသလိုဖြစ်မလာတာကြောင့် သိပ်ပြီးတော့ထင်ထင်ပေါ်ပေါ် မဖြစ်သွားခဲ့တဲ့ရုပ်ရှင်ပါ။ဒါဆို Tom and Jerry The Movie ဟာတကယ်ရော အဲ့လောက်ထိအခြေအနေဆိုးရွားရဲ့လား။ပရိသတ်တွေ အားမလိုအားမရဖြစ်ခဲ့ကြတဲ့အပိုင်းတွေကရော ဘယ်အပိုင်းတွေလဲ။

အဲ့ဒီရုပ်ရှင်ကားရဲ့ဇာတ်လမ်းကတော့ ရှင်းရှင်းလေးပါ။ကယ်လာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ လှပတဲ့ဟိုတယ်ကြီးတစ်ခုမှာ အလုပ်ရသွားပြီးနောက် ပထမဆုံးအလုပ်အဖြစ် မြို့မျက်နှာဖုံးသူဌေးစုံတွဲတစ်တွဲရဲ့ မင်္ဂလာဆောင်အခမ်းအနားကို စီစဉ်ပေးရတော့မှာပါ။မင်္ဂလာပွဲကို ခမ်းခမ်းနားနား၊အပြစ်အနာမဆာမရှိရအောင် ကျင်းပဖို့စီစဉ်နေချိန် Jerry ဆိုတဲ့ကြွက်ကလေး ဟိုတယ်ထဲဝင်ရောက်လာတဲ့အခါ သူမရဲ့ဘော်ဒါဖြစ်တဲ့ Tom ကိုပါဟိုတယ်ထဲကြွက်ဖမ်းဖို့ခေါ်လိုက်ပါတော့တယ်။အဲ့မှာကြောင်နဲ့ကြွက် ဇာတ်လမ်းစတော့တာပါပဲ။

ဒီကားဟာ Loony Tune လိုပဲ လူဇာတ်ကောင်တွေနဲ့ ကာတွန်းဇာတ်ကောင်တွေရောထားတဲ့ပုံစံမျိုးပါ။ဇာတ်ကားထဲမှာပါတဲ့ တိရိစ္ဆာန်လေးတွေအကုန်လုံးက ကာတွန်းဇာတ်ကောင်လေးတွေဖြစ်ပါတယ်။‌ကြောင်နဲ့ကြွက်အပါအဝင် ပါသမျှအကောင်းလေးတွေအကုန်လုံးဟာ ကာတွန်းကားတွေထဲက ပုံစံအတိုင်းပါပဲ။တချို့နေရာတွေမှာ ကာတွန်းဇာတ်လမ်းတွဲတွေထဲက မသိသူမရှိတဲ့ Classic ဇာတ်လမ်းတွဲတွေကို နေရာပြန်ယူထားတာ‌တွေ့ရမှာပါ။ဇာတ်လမ်းလေးကလည်း ပေါ့ပေါ့ပါးပါးနဲ့ မိသားစုလိုက် အေးအေးဆေးဆေးကြည့်လို့ရတဲ့ ချစ်စရာရုပ်ရှင်တစ်ကားလို့ပြောနိုင်ပါတယ်။

ဒီကားရဲ့အလွဲကြီးလွဲတဲ့တချက်ကတော့ ကြောင်နဲ့ကြွက်ဟာ သူတို့ရဲ့ကိုယ်ပိုင်ရုပ်ရှင်ထဲမှာ ဇာတ်ပို့‌တွေလိုဖြစ်နေတာပါ။အဓိကအကြောင်းအရာက သူတို့နှစ်ယောက်ဖြစ်ရမှာဆိုပေမဲ့ ရုပ်ရှင်ကလူတွေတစ်ယောက်နဲ့တစ်ယောက်ကြားက ပြဿနာတွေကိုသာ ဦးစားပေးပြသထားပြီး ကြောင်နဲ့ကြွက်က အဲ့ဒီပြဿနာတွေကြားထဲမှာ ကြားညပ်တဲ့အဆင့်လောက်သာရှိနေသလို ခံစားရပါတယ်။

အဲ့အပြင်သူတို့နှစ်ကောင်ရဲ့အက်ရှင်ခန်းတွေအများကြီးကိုမြင်ရပေမဲ့ ကိုရို့ကားယား classic ဇာတ်ဝင်ခန်းတွေလည်းတော်တော်လေးနည်းပါးပါတယ်။ဒါကြောင့်လည်း ဒီရုပ်ရှင်ဟာ Rating ပိုင်းမှာ IMDb 5.2 ရှိပြီး Rotten Tomatoes ကတော့ 31% သာရှိပါတယ်။တော်တော်လေးကို နည်းပါးတဲ့ Rating အခြေအနေလို့ပြောရမှာပါ။

သရုပ်ဆောင်ပိုင်းတွေမှာတော့ အဓိကသရုပ်ဆောင် ကယ်လာအဖြစ် မင်းသမီးချောလေး ကလိုဝီဂရေ့ဇ်မိုးဇက်ဇ်ကိုတွေ့ရမယ်။ကြောင်နဲ့ကြွက်ကတော့ စကားပြောသံမပါတာကြောင့် အသံသရုပ်‌ဆောင်မရှိပေမဲ့ တခြားတိရစ္ဆာန်ဇာတ်ကောင်တွေအတွက် အသံသရုပ်ဆောင်တွေပါဝင်ပါတယ်။Wedding ရုပ်ရှင်လည်းဖြစ်တာကြောင့် နာမည်ကြီးသရုပ်ဆောင်တွေ၊ဧည့်သည်သရုပ်ဆောင်တွေလည်း အများကြီးပါဝင်ပါတယ်။

ရုပ်ရှင်ဟာ ဇာတ်ကောင်အသားပေးပိုင်း လိုအပ်တယ်ဆိုပေမဲ့ ကြောင်နဲ့ကြွက်လည်းဖြစ်နေတာရယ်၊သရုပ်ဆောင်တွေလည်းမြိုင်မြိုင်ဆိုင်ဆိုင်အများကြီးပါတာမလို့ ကြည့်ရှူကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။