Relaxing ဂိမ်းတွေ၊ချစ်ဖို့ကောင်းပြီး စိတ်ကိုအပန်းပြေစေတဲ့ဂိမ်းတွေကို စိတ်ညစ်ညူးမူများနေချိန် တခါတလေတော့ ဆော့မိကြမှာပါ။အဲ့လိုစိတ်အဆင်မပြေတဲ့အချိန် အလွယ်တကူထုတ်ဆော့နိုင်အောင် ဖုန်းထဲမှာ အပန်းပြေဂိမ်းလေးတစ်ခု ထားထားသင့်ပါတယ်။စိတ်ကိုအပန်းပြေစေယုံသာမက ကြောင်လေးတွေကိုပါ ချစ်တယ်ဆိုရင်တော့ Cats & Soup ဆိုတဲ့ဂိမ်းလေးက အကောင်းဆုံးဖြစ်စေမှာပါ။ကြောင်ချစ်သူတွေအတွက် ဂိမ်းလို့လည်းပြောနိုင်ပါတယ်။

Photo via HIDEA

ဒီဂိမ်းကတော့ ပင်ပင်ပန်းပန်းဘာမှဆော့စရာမလိုပဲ ‌တောအုပ်ကြီးထဲမှာ ကြောင်လေးတွေ စွပ်ပြုတ်ချက်တာကို ထိုင်ကြည့်နေရမဲ့ဂိမ်းဖြစ်ပါတယ်။ဒါပေမဲ့ အရမ်းကြီးတော့မလွယ်နေပဲ Tips and tricks တွေ၊မြန်မြန် Level တက်အောင်ဆော့နည်းတွေကိုတော့သိထားရမှာပါ။စွပ်ပြုတ်တွေကနေရလာတဲ့ ရွှေတွေနဲ့စွပ်ပြုတ်တွေကိုအဆင့်မြှင့်၊ကြောင်အသစ်တွေထပ်ယူရမှာဖြစ်ပါတယ်။

Photo Credit

ကြောင်လေးတွေကို ချစ်စရာကာတွန်းပုံစံလေးတွေနဲ့မြင်ရမှာဖြစ်ပြီး ကြောင်မျိုးစိတ်လည်းတော်တော်စုံပါတယ်။သူတို့ကို ဦးထုပ်တွေ၊Accessories ပစ္စည်းတွေ၊အဝတ်အစားတွေလည်း အများကြီးဆင်ပေးနိုင်မှာဖြစ်ပြီး တစ်ကောင်ချင်းစီကို ကိုယ်ကြိုက်တဲ့နာမည်ပေးထားနိုင်ပါတယ်။

Photo Credit

ဂိမ်းစစချင်းမှာ ကြောင်လေးတစ်ကောင်က စွပ်ပြုတ်အိုးကြီးနဲ့ချက်၊ဘေးကကောင်လေးတွေက လိုအပ်တဲ့ မုန်လာဥခုတ်ပေးတာတွေ၊ဂေါ်ဖီလှီးပေးတာတွေစသဖြင့် ကူညီပေးကြတာကို တွေ့ရမှာပါ။နောက်ပိုင်းမှာ တောအုပ်ကိုတဖြည်းဖြည်းတိုးချဲ့ပြီးရင် ကြောင်အသစ်တွေနဲ့ စွပ်ပြုတ်အသစ်တွေ ထပ်ထည့်ရပါလိမ့်မယ်။ချက်ပြုတ်ကြတာတွေတင်မကပဲ ကြောင်လေးတွေပင်ပန်းသွားချိန် အနားယူတဲ့နေရာ၊ဆော့ကစားတဲ့နေရာတွေမှာ ချစ်စရာပုံစံလေးတွေနဲ့ အပန်း‌ဖြေကြတာကိုလည်းတွေ့ရမှာပါ။နောက်ပိုင်းမှာ ‌နှင်းကျတာ‌၊မိုးတအားရွာပြီးရေကြီးတာ စသဖြင့်ရာသီဥတုအပြောင်းအလဲတွေနဲ့လည်း ကြုံရပါလိမ့်မယ်။

Photo Credit

ဂိမ်းရဲ့ရုပ်ထွက်ပိုင်းကတော့ အရမ်းချစ်စရာကောင်းတဲ့ ကာတွန်းပုံစံလေးဖြစ်ပြီး Animations စတိုင်တွေကလည်း တော်တော်လေးလန်းပါတယ်။မုန်လာဥကိုခုတ်နေတဲ့ပုံတွေ၊ပန်းကန်ထဲ စွပ်ပြုတ်လောင်းထည့်ပုံတွေ၊ကြောင်လေးတွေအပန်းဖြေကြပုံတွေ စတာတွေအများကြီးရဲ့ လှုပ်ရှားပုံလေးတွေက တော်တော်လှပါတယ်။နေ့ဖက်ကနေ ညဖက်ပြောင်းသွားရင်လည်း မီးရောင်ဝါဝါလေးတွေနဲ့ ပုံပြင်တွေထဲမှာပါနေကျ တောအုပ်ကြီးထဲက ကြောင်လေးတွေအတိုင်း မနားမနေချက်ပြုတ်နေကြတာကိုတွေ့ရမှာဖြစ်ပါတယ်။

Screenshot from Cats & Soup

အသံပိုင်းမှာလည်း စိတ်ကြည်နူးစရာ သံစဉ်တီးလုံးလေးတွေနဲ့ ကြောင်လေးတွေရဲ့အော်သံ၊ချက်ပြုတ်နေကြတဲ့အသံတွေကို နားဆင်ရမှာပါ။နောက်ပိုင်းကြောင်တွေအများကြီးဖြစ်လာချိန်ကျ အသံပိုင်းက ပိုပြီးတောင်မြိုင်မြိုင်ဆိုင်ဆိုင်နဲ့မိုက်လာပါတယ်။

Screenshot from Cats & Soup

ဒီဂိမ်းကို iOS ပေါ်မှာရော၊Android ပေါ်မှာပါ အခမဲ့ဒေါင်းလုပ်ရယူကစားနိုင်ပါတယ်။ဖိုင်ဆိုဒ်က 300MB ထိရှိပြီး အင်တာနက်မလိုအပ်တဲ့ Offline တစ်ခုဖြစ်ပါတယ်။Review ပိုင်းမှာဆိုလည်း အကောင်းဆုံးဆိုတာတွေနဲ့ ချီးကျူးခံထားရတဲ့ Idle ဂိမ်းလေးဖြစ်လို့ Cats & Soup ကိုကစားချင်တယ်ဆိုရင်တော့ အောက်ပါ link တွေကနေဒေါင်းလုပ်ရယူကစားနိုင်ပါတယ်။

သတင်းအရင်းမြစ်: Android ဖုန်းများဒေါင်းလုပ်ရယူရန်

သတင်းအရင်းမြစ်: iOS ဖုန်းများဒေါင်းလုပ်ရယူရန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။