အခုပြောပြချင်တဲ့ အကြောင်းအရာကတော့ အမျိုးသမီးတိုင်းဖြစ်‌လေ့ရှိတဲ့ Menopause လို့ခေါ်တဲ့ "သွေးဆုံးကိုင်ခြင်း" အကြောင်းပဲဖြစ်ပါတယ်။ သွေးဆုံးကိုင်ခြင်းအကြောင်းကို အမျိုးသမီးများသာမက အမျိုးသားများလည်း မိမိရဲ့မိခင်၊ ချစ်သူ နဲ့ မိသားစုဝင်အမျိုးသမီးများကို စောင့်ရှောက်နိုင်ဖို့ သိထားသင့်ပါတယ်။

အမျိုးသမီးတွေ အပျိုဖော်ဝင်ချိန်ကစပြီး  လစဉ်ကြုံတွေ့နေကျ ဓမ္မတာလာခြင်း (ရာသီလာခြင်း) ရပ်တန့်သွားချိန်ကို Menopause(သွေးဆုံးခြင်း) လို့ခေါ်ပါတယ်။ သွေးဆုံးကိုင်ချိန်ဆိုတာ နောက်ဆုံးဓမ္မတာလာခြင်းမတိုင်မီ ကာလကိုဆိုလိုပြီး ပုံမှန်အားဖြင့် လမှ နှစ်ချီပြီး ကြာတတ်ပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသမီးများဟာ အသက် ၄၅ နဲ့ ၅၅ နှစ်ကြားမှာ သွေးဆုံးတတ်ကြပါတယ်။ ဒါပေမယ့်လည်း မျိုးရိုးဗီဇ၊ ခွဲစိတ်မှုနဲ့ ကင်ဆာကုထုံး စတာတွေကြောင့် လည်း ၄၅နှစ်ထက်စောပြီး သွေးဆုံးနိုင်ပါတယ်။ 

သွေးဆုံးရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ သားဥအိမ်မှာ မ မျိုးဥများ ထပ်မရှိတော့ဘဲ  မ ဟော်မုန်းများ ထပ်မထွက်တော့ တာကြောင့် သွေးဆုံးချိန် ရောက်လာတတ်ပါတယ်။ အချို့အမျိုးသမီးတွေမှာ ပြင်းပြင်းထန်ထန် ဝေဒနာမခံစားရပေမယ့် အချို့မှာ ခံစားကြရပါတယ်။ သွေးဆုံးချိန် ရောက်ရင် ခံစားရနိုင်တဲ့ လက္ခဏာတွေကတော့ 

1. Period Change ရုတ်တရက်ကြီး ရာသီမလာတော့တာ၊ ရာသီလာပေမယ့် နည်းလိုက်၊ များလိုက်နဲ့ ဖြစ်နေပြီး အကြာကြီး ရပ်သွားလိုက်၊ ပြီးမှ ပြန်လာလိုက်နဲ့ ဖြစ်နေတတ်ပါတယ်။ ဒါဟာ သွေးဆုံးခြင်းရဲ့ အစပျိုးလက္ခဏာဖြစ်ပြီး တဖြည်းဖြည်းနဲ့ ရာသီလုံးဝမလာတော့ကာ သွေးဆုံးသွားတတ်ပါတယ်။ တစ်နှစ် ကြာတဲ့အချိန်မှ ရာသီမလာတော့ရင် သွေးဆုံးပြီလို့သတ်မှတ်လို့ရပါတယ်။

2. Mood Changes သွေးဆုံးချိန် ရောက်လာတဲ့အခါ အမျိုးသမီးအများစု အနေနဲ့ စိတ်အတက်အကျ မြန်ဆန်‌ပြောင်းလဲ နေတတ်ပြီး အားအင်ကုန်ခန်းနေတတ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလျော့နည်းတာ၊ စိတ်အလိုမကျတာ၊ ဒေါသထွက်လိုက် ပျော်လိုက် စတဲ့ mood swing ဖြစ်တာ၊ စိတ်သွားတိုင်း ကိုယ်မပါတာ၊ လိင်ဆက်ဆံဖို့ စိတ်မပါတော့တာ စတာတွေခံစားရနိုင်ပါတယ်။ အဆိုးဆုံးကတော့ စိတ်ဓာတ်ကျပြီး စိတ်ကျရောဂါခံစားရတဲ့အထိ ဖြစ်နိုင်ပြီး အနားမှာနွေးနွေးထွေးထွေး စောက်ရှောက်ပေးမယ့်လူမျိုးရှိသင့်ပါတယ်။

3. Hot Flashes ဒါကတော့ အများအားဖြင့် မျက်နှာ၊ လည်ပင်းနဲ့ ရင်သားတွေမှာ အပူဒဏ်ကို ဆတ်ဆတ်ထိမခံနိုင်ဖြစ်တတ်ပြီး  တခါတလေ ခေါင်းအစခြေအဆုံး ဖြစ်တတ်ပါတယ်။ တစ်ခါဖြစ်ရင် စက္ကန့်ပိုင်းမှ မိနစ်ပိုင်းအထိ ကြာနိုင်ပြီး အိပ်ရေးပျက်တာ၊ ခေါင်းမူးတာ၊ ရင်တုန်တာ၊ ချွေးထွက်ပြီး သတိလစ်တာတို့ကိုပါ ခံစားရနိုင်ပါတယ်။ အချို့ကတော့ ကြာကြာမခံစားရပဲ ပျောက်သွားတတ်ပေမယ့် အချို့ဆို အိပ်ချိန်မမှန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ စိုးရိမ်ကြောင့်ကြများခြင်း တို့ကိုပါ ရက်လနှစ်ချီပြီး ခံစားရတတ်ပါတယ်။ 

4. Other Physical Symptoms အခြားသော ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေအနေနဲ့ ခန္ဓာကိုယ်ပုံပြောင်းပြီး ဝလာတာ၊ ကြွက်သားနဲ့ အဆစ်အမြစ်တွေ ပြင်းပြင်းထန်ထန်ကိုက်ခဲတာ အသားအရေ ခြောက်သွေ့လာတာနဲ့ သားအိမ်လမ်းကြောင်းတစ်ဝိုက် စိုစွတ်နေကျ အသားစလေးတွေ ခြောက်သွေ့ပြီး ယားယံကာ လိင်ဆက်ဆံချိန်မှာ သက်တောင့်သက်သာမရှိတာ တွေခံစားရနိုင်ပါတယ်။

နောက်ဆုံးတစ်ခုအနေနဲ့ကတော့ သွေးဆုံးခြင်းနဲ့ ဆက်စပ်ပြီး အရိုးပါးတဲ့ ရောဂါလည်းဖြစ်တတ်ပါတယ်။ မ ဟော်မုန်း လျော့နည်းမှုက အရိုး tissue တွေမှာ Calcium တဖြည်းဖြည်းနည်းလာစေပြီး အရိုးပါးလာတတ်ပါတယ်။ အရိုးပါးဝေဒနာခံစားရရင်တော့ ဆရာဝန်ရဲ့ညွှန်ကြားမှုကို ခံယူသင့်ပါတယ်။

သွေးဆုံးကိုင်တာဟာ အမျိုးသမီးတိုင်း ရင်ဆိုင်ရမယ့် သဘာဝတရား ဖြစ်တဲ့အတွက်ရှောင်လွှဲလို့ ရတဲ့ကိစ္စမဟုတ်ပါဘူး။ မိမိရဲ့အမျိုးသား၊ မိသားစုဝင်နဲ့ ဆရာဝန်ကိုပဲ ဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ပြောပြပြီးဆွေးနွေးသင့်ပါတယ်။ အရေးအကြီးဆုံးကတော့ သွေးဆုံးချိန်မှာ အရက်သောက်တာနဲ့ ဆေးလိပ်သောက်တာကတော့ အထူးရှောင်ကြဥ်သင့်ပါတယ်။ ကော်ဖီကြိုက်တတ်တဲ့ သူတွေအနေနဲ့လည်း လျှော့ပြီးသောက်သင့်ပါတယ်။

အဲ့ဒီလိုအချိန်မှာ မိသားစုဝင်တွေအနေနဲ့လည်း အရင်ကထက်ပိုပြီး နွေးနွေးထွေးထွေးနဲ့ ဂရုစိုက်ပေးသင့်ပါတယ်။  အချိန်ပေးပြီး အနားယူတာနဲ့၊ လေ့ကျင့်ခန်း‌လေးတွေ လုပ်သင့်ပြီး ဆိုးဆိုးရွားရွားခံစားလာရရင် ရှက်မနေပဲ ဆရာဝန်နဲ့သွားပြဖို့ တိုက်တွန်းလိုက်ပါတယ်။

Photos-creditCredit

သတင်းအရင်းမြစ်: NHS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။